Eleven Media Group

■ ကနေဒါနှင့် ကုန်သွယ်ရေးတင်းမာနေချိန် အွန်တာရီယိုရေကန်ကို အမေရိကရေကန်ဟု နာမည်ပြောင်းရန် ထရန့်ခြိမ်းခြောက်

အမေရိကန်နှင့် ကနေဒါတို့ကြား ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်နေချိန် အွန်တာရီယိုရေကန်ကို အမေရိကရေကန်ဟု နာမည်ပြောင်းလဲခေါ်ရန် စဉ်းစားနေကြောင်း ဒေါ်နယ်ထရန့်က ဩဂုတ် ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ထရန့်က Truth Social လူမှုကွန်ရက်တွင် “ကနေဒါနဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီး ဆက်လုပ်ဖို့ မမျှော်လင့်တော့တဲ့အတွက် အွန်တာရီယိုရေကန်ကို အမေရိကရေကန်လို့ အမည်ပြောင်းဖို့ အလေးအနက် စဉ်းစားနေပါတယ်” ဟု ဖော်ပြခဲ့သည်။မြောက်အမေရိကတိုက်ရှိ Great Lakes ရေကန်ကြီး ငါးခုအနက် တစ်ခုဖြစ်သည့် အွန်တာရီယိုရေကန်သည် ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်နှင့် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တို့ကြား တည်ရှိသည်။ထရန့်သည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီတွင်လည်း မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့ဟု ပြောင်းလဲခေါ်ရန် အမိန့်ထုတ်ခဲ့ဖူးသည်။

ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်နှင့် ကနေဒါကြား ကုန်သွယ်ရေးဆွေးနွေးပွဲများ ပျက်ပြားခဲ့ပြီး နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်နေကြသည်။ ထရန့်က ကနေဒါ၏ ပြင်သစ်ဘာသာစကားဆိုင်ရာ စည်းမျဉ်းများနှင့်ပတ်သက်ပြီး အမေရိကန်နှင့်သဘောထားကွဲလွဲမှုက ကုန်သွယ်ရေးဆွေးနွေးပွဲ ပျက်ရသည့် အကြောင်းရင်းမဟုတ်ဟု ငြင်းကာ ကနေဒါနိုင်ငံသားများ ပြင်သစ်ဘာသာစကား အသုံးပြုမှုကို အမေရိကန်အနေဖြင့် ဝင်စွက်ဖက်မည် မဟုတ်ကြောင်း၊ ထိုပြဿနာကို ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ကွီဘက်ပြည်နယ်တွင် နိုင်ငံရေးထောက်ခံမှုရအောင် ဖန်တီးပြောခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

ကနေဒါဝန်ကြီးချုပ်ဘက်ကလည်း အမေရိကန်ဆွေးနွေးရေးအဖွဲ့က ကနေဒါတွင် ပြင်သစ်ဘာသာစကားဆိုင်ရာ စည်းမျဉ်းသစ်များကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲအဆင်မပြေဖြစ်ခဲ့ခြင်းဟု ပြောနေသည်။အင်္ဂလိပ်စကားနှင့် ပြင်သစ်စကားသည် ကနေဒါနိုင်ငံ၏ တရားဝင်ရုံးသုံး ဘာသာစကားများဖြစ်ပြီး နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာစကားနှစ်မျိုးစလုံးကို တန်းတူအဆင့်အတန်း၊ အခွင့်အရေးနှင့် အခွင့်ထူးများ ပေးအပ်ထားသည်။

မူရင်းသတင်း — Eleven Media Group