
ကန်းထရီးဂီတအကျော်အမော်၊ သရုပ်ဆောင်နှင့် မျိုးဆက်ပေါင်းများစွာအပေါ် လွှမ်းမိုးခဲ့သူ အသက် ၈၀ အရွယ်ဒေါ်လီပါတန်သည် ဩဂုတ် ၂၅ ရက်က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကာ ၎င်းကိုအမှတ်ရ ဂုဏ်ပြုရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နိုင်ငံတစ်ဝန်းရှိအလံများကို တစ်ပတ်ကြာ တိုင်တစ်ဝက်ချရန် အမိန့်ထုတ်လိုက်သည်။
ဒေါ်လီပါတန်သည် တင်နက်ဆီပြည်နယ် တောင်တန်းဒေသရှိ သစ်လုံးအိမ်လေးတွင် နေခဲ့ရသည့်ဘဝမှ ကမ္ဘာကျော်အဆိုတော်အဖြစ်သို့ တက်လှမ်းလာသူဖြစ်သည်။ ထူးခြားသည့်အသံ၊ ခံစားချက်ပြင်းပြသည့် သီချင်းအရေးအသားနှင့် တောက်ပသည့်ဝတ်စုံများကြောင့် ပရိသတ်ကြား ထင်ရှားခဲ့ကာ ဘဝ၏နောက်ဆုံးအချိန်များကို တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့တွင် ဖြတ်သန်းခဲ့သည်။ ပါတန်သည် Jolene ၊ Coat of Many Colors နှင့် I Will Always Love You အပါအဝင် နာမည်ကျော်သီချင်းပေါင်း ရာနှင့်ချီ ရေးသားခဲ့ပြီး ဂီတတွင်သာမက အသက်အရွယ်၊ နေရာဒေသနှင့် နိုင်ငံရေးအမြင် ကွာခြားမှုများကို ကျော်လွန်ကာ မျိုးဆက်တိုင်း၏ ချစ်ခင်အားပေးမှုကို ရရှိခဲ့သည့် ရှားပါးအနုပညာရှငဖြစ်သည်။
၎င်းကို ဂုဏ်ပြုသည့်အနေဖြင့် နယူးယောက်ရှိ အင်ပါယာစတိတ် အဆောက်အဦအပါအဝင် နိုင်ငံတစ်ဝန်းရှိ အထင်ကရနေရာများတွင် ပန်းရောင်မီးများ ထွန်းခဲ့ကြကာ ၎င်း၏မွေးရပ်မြေ စဗီးယားဗီးလ်မြို့ရှိ Dolly Parton ရုပ်တုရှေ့နှင့် Hollywood Walk of Fame ရှိ ၎င်း၏ကြယ်ပုံပေါ်တွင် ပရိသတ်များက ပန်းများ၊ အမှတ်တရကတ်များ လာထားခဲ့ကြသည်။ပါတန်သည် ဂီတအသက်မွေးဝမ်းကျောင်းဖြင့် လူသိများရုံသာမက ၁၉၈၀ ခုနှစ်ထွက် 9 to 5 ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းကြောင့်လည်း ရုပ်ရှင်ပရိသတ်များ၏ အမှတ်ရခြင်းကို ခံခဲ့ရသည်။၁၉၈၆ ခုနှစ်တွင် တင်နက်ဆီပြည်နယ်၌ ၎င်းအပိုင် Dollywood အမည်ရှိ အပန်းဖြေဥယျာဉ်ကိုလည်း ဖွင့်လှစ်ခဲ့သည်။
ဆလင်းဒီယွန်က ပါတန်ကို ကြင်နာသည့်နှလုံးသားနှင့် ဖြူစင်တောက်ပသည့် အလင်းရောင်တစ်ခုအဖြစ် အမွှမ်းတင်ခဲ့ကာ မင်းသမီး အန်းဟတ်သဝေးက လူသားတစ်ဦးအဖြစ် တန်ဖိုးရှိစွာနေထိုင်နိုင်ရန် ပါတန်ထံမှ စံနမူနာကောင်းများစွာ ရခဲ့သည်ဟု ဂုဏ်ပြုခဲ့သည်။ တေလာဆွစ်ဖ်ကလည်း “ပါတန်မရှိတော့တဲ့ ကမ္ဘာကြီးက အစစ်အမှန်မဟုတ်သလို ခံစားရတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ဒေါ်လီပါတန်ချန်ရစ်ခဲ့သည့် ထင်ထင်ရှားရှား အမွေအနှစ်တစ်ခုက ကလေးများ စာတတ်မြောက်ရေးအတွက် ၁၉၉၅ ခုနှစ်က တည်ထောင်ခဲ့သည့် Imagination Library စီမံကိန်းဖြစ်သည်။ ဆင်းရဲနွမ်းပါးသည့် မိသားစုတွင် ကြီးပြင်းလာသည့် ပါတန်က ကလေးတိုင်းစာတတ်မြောက်ခွင့်ရစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုစီမံကိန်းက ဩစတြေးလျ၊ ကနေဒါနှင့် အိုင်ယာလန်၊ ဗြိတိန်တို့၌လည်း တိုးချဲ့ထားသည်။