Eleven Media Group

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးပြီး ဗီယက်နမ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဗီယက်နမ်သမ္မတ၏ ဖိတ်ကြားချက်ကို သတင်းစကားပါး

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးပြီး ဗီယက်နမ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဗီယက်နမ်သမ္မတ၏ ဖိတ်ကြားချက်ကို သတင်းစကားပါး

■ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်များကို လေးစားတန်ဖိုးထားကြောင်းနှင့် ဗီယက်နမ်နိုင်ငံအပေါ် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် မှတ်ယူဆောင်ရွက်နိုင်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံ၊နိုင်ငံခြား‌ရေးဝန်ကြီး H.E.Mr. Le Hoai Trung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့(သြဂုတ် ၂၆ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ မိမိတို့အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းအပေါ် မိမိတို့အနေဖြင့်ဝမ်းမြောက်ကြောင်း၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံမှုများရှည်ကြာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံမှု နှစ် ၅၀ ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ တူညီမှုများစွာရှိသကဲ့သို့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများလည်း တူညီကြကြောင်း၊ အလားတူ ခေတ်အဆက်ဆက်တွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်ခဲ့သကဲ့သို့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များလည်း ကောင်းမွန်လျက်ရှိကြောင်း၊ ယခုကဲ့သို့အဆွေတော်အနေဖြင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်ခဲ့သည့်အတွက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် မိမိတို့ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ တိုလမ်က အဆွေတော်သမ္မတကြီးအား ဗီယက်နမ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန်ဖိတ်ကြားမှုနှင့် အဆွေတော်သမ္မတကြီး လာရောက်မည့်ခရီးစဉ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိမှုကို သတင်းစကားပါးရန် စေလွှတ်ချက်အရ ယခုကဲ့သို့လာရောက် ဂါရဝပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန် ထမ်းဆောင်ချိန်တွင် ပြည်ပနိုင်ငံသို့သွားရောက်သည့် ပထမဆုံးခရီးစဉ်သည် မြန်မာနိုင်ငံဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် သမိုင်းကြောင်း အဆက်ဆက်တွင်ချစ်ကြည်ရင်းနှီးမှုများကို နှစ်နိုင်ငံခေါင်းဆောင်များက တည်ဆောက်ခဲ့ကြပြီး ယခုတိုင် ကောင်းမွန် ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း၊ ယခုအဆွေတော်သမ္မတကြီး လာရောက် မည့် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သည့် ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နှစ်နိုင်ငံ ဘုံအကျိုး စီးပွားအတွက် စာမျက်နှာသစ်၊ ကဏ္ဍသစ်ကို ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုတိုးတက် ခိုင်မာအောင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်များကို လေးစားတန်ဖိုးထားပါကြောင်း၊ အဆွေတော်အနေဖြင့် မိမိတို့ ဗီယက်နမ်နိုင်ငံအပေါ် ယုံကြည် စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် မှတ်ယူဆောင်ရွက်နိုင်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေးနှင့် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ စီးပွားရေးအရ နယ်ပယ်သစ်များတိုးချဲ့ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတကာဆက်ဆံရေးများ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိမှု၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘောဒီးယား လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးတို့တွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံ အားပေးသွားမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက် သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc ၊ အာဆီယံရေးရာဌာန၊ အရှေ့တောင်အာရှ ၊ တောင်အာရှနှင့် တောင်ပစိဖိတ်ဌာန ညွှန်ကြားရေးမှူးချုပ် H.E. Mr. Nguyen Tat Thant နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

#elevennews #နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် #ဗီယက်နမ်နိုင်ငံ၊နိုင်ငံခြား‌ရေးဝန်ကြီး #H.E.Mr. Le Hoai Trung

မူရင်းသတင်း — Eleven Media Group