
နီပေါနှင့် တရုတ် နယ်စပ်ဒေသတွင် ဩဂုတ်လ ၂၅ ရက်က ရေလွှမ်းမိုးမှုများကြောင့် အနည်းဆုံး လူ ၉၈ ဦး သေဆုံးခဲ့ပြီး၊ လူနေရပ်ကွက်များ ရေစီးနှင့်အတူ မျှောပါသွားခဲ့ကာ အချို့ဒေသများတွင် ခရီးသွားလာရေး ရပ်ဆိုင်းသွားခဲ့ပြီးနောက် ကမ္ဘာလှည့်ခရီးသွားများ၊ အလုပ်သမားများနှင့် အခြားသူများ အပါအဝင် ရာပေါင်းများစွာ ပျောက်ဆုံးလျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
နီပေါ ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ အနည်းဆုံး ၉၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တရုတ် နိုင်ငံပိုင် စီတီတီဗီ (CCTV) သတင်းဌာနက နယ်စပ်အနီး တိဘက်ဒေသ၊ ဂျီရုန်း ခရိုင်၌ မြေပြိုမှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံးပြီး ၂၆၅ ဦး ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။
ဒရုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများတွင် လမ်းများ ပျက်စီးသွားပြီး အဆောက်အအုံများ မြေအောက်မြုပ်နေသည်ကို တွေ့ရသည်။ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကလည်း အထိအခိုက် အသေအပျောက် များပြားကြောင်း သတင်းဖော်ပြခဲ့သည်။
နိုင်ငံခြားသား ၃၄၁ ဦး အပါအဝင် လူပေါင်း ၄၀၃ ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိထားသည်ဟု နီပေါနိုင်ငံမှ အရာရှိများက ပြောကြားခဲ့သည်။
ပျောက်ဆုံးနေသူများအနက် ၁၃၃ ဦးမှာ ဟိန္ဒူဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ တိဘက်ရှိ ကိုင်လာရှ်တောင်သို့ ဘုရားဖူးသွားသည့် အိန္ဒိယနိုင်ငံသားများ ဖြစ်ကြကြောင်း ခရီးသွားလာရေးဘုတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူနေးလ် ရှာမားက ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံမှ ၄၇ ဦး၊ သြစတြေးလျမှ ၃၄ ဦး၊ ဗြိတိန်မှ ၃၃ ဦးနှင့် ကနေဒါမှ ၂၄ ဦးတို့လည်း ပျောက်ဆုံးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။