Eleven Media Group

9/11 အကြမ်းဖက်မှု ကြိုးကိုင်သူကို ၂၀၂၈ ခုနှစ် ၊ ဇွန်တွင် စစ်ခုံရုံးတင်မည်

၂၀၀၁ ခုနှစ်က 9/11 အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူ ခါလစ်ရှိတ်ခ် မိုဟာမက်ကို လာမည့် ၂၀၂၈ ခုနှစ်၊ ဇွန် ၅ ရက်တွင်စတင်ကာ စစ်ခုံရုံးတင်မည်ဟု အမေရိကန် တရားသူကြီးတစ်ဦးက ဆုံးဖြတ်လိုက်သည်။

အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်၏ အဓိကလက်ရုံးများထဲမှ တစ်ဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ပါကစ္စတန်နိုင်ငံသား ခါလစ်ရှိတ်ခ်ကို ၂၀၀၃ ခုနှစ်က ပါကစ္စတန်တွင် ဖမ်းမိခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ကျူးဘားနိုင်ငံရှိ အမေရိကန်အကျဉ်းစခန်း Guantanamo Bay တွင် ထိန်းသိမ်းထားခဲ့သည်။ ၎င်းကို ၂၀၀၈ ခုနှစ်တွင် စစ်ရာဇဝတ်မှု၊ လူသတ်မှုစွဲချက်များဖြင့် စတင်တရားစွဲဆိုခဲ့ပြီး တရားစီရင်မှုက နှစ်ပေါင်း ၂၀ ကျော်လာသည့်အထိ ကြန့်ကြာနေခဲ့သည်။

လွန်ခဲ့သည့် ၂၅ နှစ်နီးပါးက ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးအဖွဲ့ဝင် ပြန်ပေးဆွဲသမားများက ခရီးသည်တင်လေယာဉ်လေးစင်းကို ပြန်ပေးဆွဲကာ နယူးယောက်မြို့ရှိ World Trade Center အဆောက်အအုံနှစ်ခုနှင့် ဝါရှင်တန်ဒီစီရှိ ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့သည်။

ကျန်လေယာဉ်တစ်စင်းက ဝါရှင်တန်ဒီစီရှိ အစိုးရအဆောက်အအုံကို ပစ်မှတ်ထားပျံသန်းစဉ် ခရီးသည်များ၏ ပြန်လည်ခုခံမှုကြောင့် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ လယ်ကွင်းတစ်ခုအတွင်း ပျက်ကျခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့သည်။

အမေရိကန် အထက်လွှတ်တော်၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတစ်ခုတွင် ခါလစ်ရှိတ်ခ်သည် Waterboarding ဟုခေါ်သည့် ရေမွန်းအောင်လုပ်၍ အသက်ရှူရခက်စေသည့် နှိပ်စက်နည်းဖြင့် ၁၈၃ ကြိမ်တိုင်တိုင် ကြုံခဲ့ရကြောင်း ဖော်ပြထားသည်။ ၎င်း၏ရှေ့နေများက တရားစီရင်မှု ကြန့်ကြာနေရခြင်းမှာ အစိုးရဘက်က နှိပ်စက်ညှဉ်းပန်းခဲ့သည့် အသေးစိတ် အချက်အလက်များကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းကြောင့်ဟု လျှောက်လဲခဲ့ကြသည်။

Ref: Sky News

မူရင်းသတင်း — Eleven Media Group