
ပြင်သစ်နိုင်ငံ စထရာ့စ်ဘတ်မြို့ရှိ ဥရောပပါလီမန် အဆောက်အအုံအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို သရော်ထားသည့် ရွှေရောင်ရုပ်တုတစ်ခုကို ပြသခဲ့သည်။
ဒိန်းမတ်အနုပညာရှင် ယန်းစ်ဂဲလ်ရွှတ်၏ လက်ရာဖြစ်ပြီး အမြင့် ၂ ဒသမ ၅ မီတာရှိ အဆိုပါရုပ်တုကို “Orange Plague” ဟု အမည်ပေးထားသည်။ ထိုရုပ်တုကို ရွှေ ၂၃ ကာရက်ဖြင့် အုပ်ထားကြောင်း ဖန်တီးသူကဆိုပြီး “မတရားမှုတို့၏ဘုရင်” ဟုလည်း ခေါ်သည်။
ရုပ်တုတွင် အမေရိကန်သမ္မတ ထရန့်က ပိန်လှီပြီး လူကောင်သေးငယ်သည့် လူတစ်ဦး၏ပခုံးပေါ်တွင် ခွထိုင်နေပုံကို ပုံဖော်ထားသည်။ ထရန့်၏ ပေါင်နှင့် တွဲကျနေသည့်ဗိုက်က ထိုလူ၏ဦးခေါင်းကို တင်းတင်းကျပ်ကျပ် ချုပ်မိုးထားပြီး လက်တစ်ဖက်က ဂေါက်ရိုက်တံရှည်တစ်ချောင်းနှင့် နောက်လက်တစ်ဖက်က တရားမျှတမှုကို ကိုယ်စားပြုသည့်ချိန်ခွင်ကို ကိုင်ထားသည်။
ရုပ်တု၏ အောက်ခံခုံတွင် “ငါ လူတစ်ဦးရဲ့ ကျောပေါ်မှာ ထိုင်နေတယ်။ ငါ့ကြောင့် သူအတော်လေး ဝန်ပိနေပြီ။ သူ့ကို ကူညီဖို့ ငါဘာမဆို လုပ်ပေးမယ်။ သူ့ကျောပေါ်ကနေ ဆင်းပေးတာကလွဲလို့” ဟု ရေးထိုးထားသည်။
ထိုရုပ်တုကို ဥရောပပါလီမန်၏ အဆောက်အအုံနှစ်ခုကို ဆက်သွယ်ထားသည့် လမ်းဆုံနေရာတွင် ပြသခဲ့ပြီး ထရန့်ဘက်က မှတ်ချက်ပေးခြင်း မရှိသေးပေ။ အလားတူ အခြားဥရောပမြို့များတွင်လည်း ရုပ်တုကိုပြသခဲ့ပြီး ဘရာဇီးနိုင်ငံ ဘယ်လင်မြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ COP30 ညီလာခံတွင်လည်း ပြသခဲ့သည်။
Ref: CNN