Eleven Media Group

မြို့ကြီးနှစ်မြို့မှလွဲပြီး ဆော်ဒီရှိလေဆိပ်များကို ထပ်မံတိုက်ခိုက်မည်ဟု ဟူသီအဖွဲ့ သတိပေးချက်ထုတ်

ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အောက်တိုဘာ ၁၀ ရက်က တိုက်ခိုက်မှုအတွင်း လူ ၁၂ ဦး သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် ဆော်ဒီရှိလေဆိပ်များကို ထပ်မံတိုက်ခိုက်မည်ဖြစ်ကြောင်း ယီမင်ဟူသီ လက်နက်ကိုင်အဖွဲ့က အောက်တိုဘာ ၁၁ ရက်တွင် သတိပေးလိုက်သည်။

အောက်တိုဘာ ၁၀ ရက်က တိုက်ခိုက်မှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဆော်ဒီမြေပေါ်တွင် သေကျေထိခိုက်မှု အများဆုံးဖြစ်ပြီး ယီမင်စစ်ပွဲကို ပိုမိုတင်းမာလာစေခဲ့သည်။ ထိုစစ်ပွဲတွင် ဆော်ဒီအစိုးရက နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရဘက်မှ ကူညီတိုက်ခိုက်ပေးနေပြီး ဟူသီလက်နက်ကိုင် အဖွဲ့ကလည်း ပြီးခဲ့သည့်လက လျှပ်တစ်ပြက်ထိုးစစ်အတွင်း ပင်လယ်နီကမ်းရိုးတန်းဒေသများကို သိမ်းယူနိုင်ခဲ့သည်။

ဟူသီအဖွဲ့က လေဆိပ်တိုက်ခိုက်မှုကို ၎င်းတို့လက်ချက်ဟု ဝန်ခံခြင်းမရှိပေ။ ယခုလည်း အစ္စလာမ်ဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ မက္ကာနှင့် မက်ဒီနာ မြို့များမှလွဲ၍ ဆော်ဒီနိုင်ငံရှိ အခြားသော လေဆိပ်များကို ထပ်မံတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ထားပြီး အများပြည်သူအား ခရီးမသွားကြရန် သတိပေးထားသည်။

ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက ဆော်ဒီလေပိုင်နက်နှင့် လေဆိပ်များသည် ဟူသီတပ်ဖွဲ့များ၏ စစ်ဆင်ရေးနယ်မြေဖြစ်သွားပြီဟု X လူမှုကွန်ရက်တွင် အတည်ပြုဖော်ပြခဲ့သည်။

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ကလည်း ပြန်လည်တုံ့ပြန်မည်ဟု ကြုံးဝါးထားကာ အောက်တိုဘာ ၁၁ ရက်တွင် ဟူသီထိန်းချုပ်မှုအောက်ရှိ ယီမင်နိုင်ငံ ဆာနား ပြည်နယ်အတွင်းသို့ ဆော်ဒီဘက်က နှစ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရီယာ့ဒ်မြို့ တိုက်ခိုက်ခံရမှုကြောင့် ဆရာဝန်များကို အရေးပေါ် ဆင့်ခေါ်ယူမှုများ ပြုလုပ်ခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြောပြီး ရီယာ့ဒ်ရှိ စာသင်ကျောင်းများကိုလည်း တစ်လအတွင်း ဒုတိယအကြိမ် အွန်လိုင်းသင်ကြားရေးစနစ်သို့ ပြောင်းလဲထားသည်။

Ref: AFP

Photo: AP/ Reuters

မူရင်းသတင်း — Eleven Media Group