Eleven Media Group

နီပေါအလယ်ပိုင်း၌ ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီး အိမ်များ၊တံတားများ မျောပါ

အောက်တိုဘာ ၁၁ ရက်က နီပေါနိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသတွင် အင်အားပြင်းသည့် ရုတ်တရက်ရေကြီးမှုဖြစ်ပွားရာ မြစ်တစ်စင်းရေလျှံသွားခဲ့ပြီး အိမ်အများအပြား မျောပါသွားခဲ့သည်။

ကားလမ်းများ ပျက်စီးသွားသည့်အပြင်တံဝာားများနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံလည်း ပျက်စီးသွားခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားသည်။

ဘူဒီဂန်ဒါကီမြစ်ရေကြီးမှုသည် မြစ်ညာပိုင်း၌ မြေပြိုခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရေမျက်နှာပြင် ရုတ်တရက်မြင့်တက်လာခဲ့သည်ဟု နီပေါရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဘီနာရာယန်ကာဖယ်က ပြောကြားခဲ့သည်။

"အိမ်‌‌တွေ၊လမ်း‌တွေနဲ့တံတားတွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်ဆိုပေမယ့် လက်ရှိအချိန်အထိတော့ သေဆုံးတဲ့သူလည်းမရှိသလို ပျောက်နေတဲ့သူလည်းမရှိဘူးလို့ သိရပါတယ်"ဟု ကာဖယ်က ပြောကြားခဲ့သည်။ ဒေသတွင်းမီဒီယာကဖော်ပြရာတွင်အနည်း ဆုံးလူငါးဦးပျောက်နေသည်ဟုဆိုသည်။

ဆိုရှယ်မီဒီယာတွင်ပြန့်နှံ့နေသောဗီဒီယိုများတွင် အိမ်များ၊ တံတားများသည်အမှိုက်သ ရိုက်များဖြင့်ပြည့်နေသော ရေထဲမျောပါ သွားသည်ကို မြင်ရသည်။

အာဏာပိုင်တို့က အန္တရာယ်ဇုန်ထဲရောက်နေသည့် မိသားစုများကို လေယာဉ်ဖြင့် ရွှေ့ထုတ်ပေးခဲ့သည်။ မြစ်၏‌ရေစုန်အရပ်တွင်ရှိနေသူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ရေစုန်အရပ်တွင် နေသူများအတွက် အမျိုးသားဘေးအန္တရာယ်အေဂျင်စီက အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ဘူဒီဂန်ဒါကီသည် ထရီရှူလီ-နာရာရနီမြစ်ကြောင်း၏ အစိတ်အပိုင်းဖြစ်သည်။

ထရီရှူလီ-နာရာရနီမြစ်သည် ယခုနှစ် စောစောပိုင်းတွင် ဘိုတီကိုရှီမြစ်၌ ဆိုးရွားသည့် ရုတ်တရက်ရေကြီး ရေလျှံမှု ဒဏ်ကိုခံခဲ့ရသောမြစ်ဖြစ်သည်။

နီပေါနှင့် တိဘက်တို့တွင် ဩဂုတ်လကုန်ပိုင်းက ရေကြီးမှုကြောင့် လူ၁,၄၅၀ သေဆုံးခဲ့ပြီး ၄,၅၀၀ ကျော် ပျောက်ဆုံးခဲ့သည်။

Ref:DPA

မူရင်းသတင်း — Eleven Media Group