
ပိုလန်နိုင်ငံ၊ ၀ါဆောမြို့တွင် အောက်တိုဘာ ၁၀ ရက်က စာသင်ကျောင်းတစ်ခုအတွင်း ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူသုံးဦးဒဏ်ရာရခဲ့ပြီး ကျူးလွန်သူအသက် ၂၁ နှစ်အရွယ်အမျိုးသမီးကို ဖမ်းဆီးထိန်း သိမ်းထားသည်။
ယင်းတိုက်ခိုက်မှုသည် တစ်ပတ်အတွင်း ပိုလန်စာသင်ကျောင်းများ၌ တတိယအကြိမ် ဓားဖြင့်တိုက်ခိုက်မှုလည်း ဖြစ်သည်။
ကျူးလွန်သူသည် အဆိုပါကျောင်းမှပင်ဖြစ်ပြီး ကနဦးစစ်ဆေးချက်များအရ တိုက်ခိုက်ခံရသူသုံးဦးနှင့် မသိကျွမ်းကြပေ။
ရှေ့တိုက်ခိုက်မှုနှစ်ခုနှင့် ယခုတိုက်ခိုက်မှု ဆက်စပ်မှု ရှိ ၊ မရှိကိုတော့ ၀ါဆောရဲတပ်ဖွဲ့က အတည်မပြုနိုင် သေးဟု ထုတ်ပြန်သည်။
အောက်တိုဘာ ၇ ရက်တွင်လည်း အလယ်ပိုင်း မာဇိုးဗီးယန်းပြည်နယ်ရှိ အသက်မွေးမှု သင်တန်းကျောင်း တစ်ခုတွင် အသက် ၁၉ နှစ်အရွယ် ကျောင်းသားက တိုက်ခိုက်ခဲ့ရာ လူကိုးဦး ဒဏ်ရာရရှိခဲ့သည်။
နောက်တစ်ရက်တွင် မူလတန်းကျောင်းတစ်ခု၌ အသက် ၁၅ နှစ်အရွယ်လူငယ်က တိုက်ခိုက်မှုထပ်လုပ်ခဲ့ရာ အစောင့်တစ်ဦး သေဆုံးခဲ့သည်။
ထိုသို့ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ပိုလန်နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများတွင် လုံခြုံရေးအစီအမံများကို တိုးမြှင့်လိုက်ရသည်။
ကျောင်းပေါင်း ၅၀,၀၀၀ နီးပါးကို စစ်ဆေးကာ လူ ၇၆ ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး နောက်မှာပင် တတိယအကြိမ်တိုက်ခိုက်မှု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
Ref:CNN