
နီပေါနိုင်ငံတွင် ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ဆိုးရွားပြင်းထန်သည့် ရေကြီးရေလျှံမှုကြောင့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ လိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူပေါင်း ၁၀၀ ခန့်ကို ကယ်တင်ရန် နီပေါစစ်တပ်၏ ကယ်ဆယ်ရေးအဖွဲ့များက ကြိုးပမ်းနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
"ကျနော်တို့ရဲ့ အဓိက အာရုံစိုက်မှုကတော့ လူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ပါပဲ။ တချို့လူတွေဟာ Trishuli 3A ရေအားလျှပ်စစ် စီမံကိန်းရဲ့ လိုဏ်ဂူထဲမှာ ပိတ်မိနေကြပါတယ်" ဟု နီပေါစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ရာဂျာ ရမ် ဗက်စနက်တ်က အေအက်ဖ့်ီ သတင်းဌာနကို ပြောကြားခဲ့သည်။
"ရဟတ်ယာဉ်နှစ်စင်း စေလွှတ်ထားပေမဲ့ လိုဏ်ဂူရဲ့ အဝင်ဝကို ရှာဖွေဖို့တောင် ခက်ခဲတာကြောင့် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ကယ်တင်ထားတဲ့ လူတွေအတွက် လိုအပ်တာတွေကို ထောက်ပံ့ပေးဖို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နီပေါစစ်တပ်သည် ခက်ခဲသော အခြေအနေများကြားမှ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"နီပေါ စစ်တပ်ရဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ပြင်းထန်တဲ့ ရေစီးကြောင်းတွေကြား အလွန်စွန့်စားရပြီး စိန်ခေါ်မှုများတဲ့ အခြေအနေတွေကို ရင်ဆိုင်ကာ လိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ ဒေသခံ ၃၅၀ ကို မကြာခင်က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လိုဏ်ဂူအတွင်း ပိတ်မိနေသူ ၁၀၀ ကျော်ကို ဘေးအန္တရာယ် ကင်းရှင်းစွာ ကယ်ထုတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေသည်ဟု နီပေါစစ်တပ်က ပြောကြားခဲ့သည်။
ကယ်တင်နိုင်ခဲ့သူများနှင့် ပိတ်မိနေသူများသည် မည်သည့်နိုင်ငံသားများဖြစ်သည်ဆိုခြင်းကို အသေးစိတ်ပြောကြားခြင်းမရှိသေးပေ။
နီပေါနိုင်ငံ မြောက်ဘက် နယ်စပ်ဒေသတွင် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏမှာ ပိုမိုသိသာထင်ရှားလာခဲ့ပြီး လမ်းများ၊ တံတားများနှင့် ရေအားလျှပ်စစ် အခြေခံအဆောက်အအုံများ ပျက်စီးသွားခဲ့သည်။
Trishuli လျှိုဝှမ်းတစ်လျှောက်ရှိ အခြား ရေကာတာ စီမံကိန်းများမှ ကယ်တင်နိုင်ခဲ့သည့် အလုပ်သမားများက အလွန်တုန်လှုပ်ဖွယ် ကောင်းသော မြန်နှုန်းဖြင့် ကျရောက်လာခဲ့သည့် ဘေးအန္တရာယ်အကြောင်း ပြောပြခဲ့ကြသည်။
"စီမံကိန်း လုပ်ငန်းခွင်မှာ အနည်းဆုံး အလုပ်သမား ၄၀၀ လောက် ရှိနေခဲ့ပါတယ်။ ကယ်တင်နိုင်ခဲ့တဲ့ လူဦးရေထက် သေဆုံးသွားတဲ့ လူဦးရေက ပိုများပါတယ်" ဟု ကယ်တင်ခံခဲ့ရသည့် ဒေ့ဗ် ရှရက်စ်သာက ပြောကြားခဲ့သည်။
ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်မှာ ရေခဲမြစ် ပြိုကျမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ရေခဲနှင့် အပျက်အစီးများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) က ပြောကြားခဲ့သည်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ရေခဲမြစ်များ အရည်ပျော်လာပြီး ရေခဲမြစ် ရေကန်များ ရေလျှံမှုနှင့် ရေခဲမြစ် ပြိုကျမှု အန္တရာယ်များကို ပိုမို မြင့်တက်လာစေသည်။
တောင်ကုန်းတောင်တန်း ထူထပ်သည့် အဆိုပါ ဒေသတွင် လမ်းများနှင့် တံတားများသည် သွားလာရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းများဖြစ်သဖြင့် ယခုကဲ့သို့ ပျက်စီးသွားမှုကြောင့် အဓိက လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့ရသည်။
ထို့အပြင် ပျက်စီးဆုံးရှုံးမှုများသည် နီပေါနိုင်ငံ၏ အဓိက ရေအားလျှပ်စစ် ကဏ္ဍကိုပါထိခိုက်ခဲ့ပြီး လည်ပတ်နေဆဲနှင့် တည်ဆောက်ဆဲ စီမံကိန်း အများအပြားလည်း ပြင်းထန်စွာ ထိခိုက်ခဲ့သည်။
Photo:AFP