Eleven Media Group

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအနက် မြန်မာအစိုးရက စိစစ် အတည်ပြုထားသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို ပထမအသုတ်အဖြစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအနက် မြန်မာအစိုးရက စိစစ် အတည်ပြုထားသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို ပထမအသုတ်အဖြစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း မလေးရှားအစိုးရက ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသည် သတ်မှတ်ချက်နှင့် ကိုက်ညီသော မြန်မာနိုင်ငံသားများ ပါဝင်သည့် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ပို့ရေး အစီအစဉ်၏ ပထမအဆင့်ကို အပြီးသတ် ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် လူပေါင်း ၁၅၀၀ နီးပါး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာကြမည်ဟု မျှော်လင့်ရကြောင်း မလေးရှားအစိုးရက ဆိုသည်။

မလေးရှားနိုင်ငံရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) ၅၀၀၀ ကို ပြန်လည်လက်ခံရန် မြန်မာဘက်က သဘောတူခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင်လတွင် ကြေညာခဲ့သည်။

မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီတွင် စာရင်းသွင်းထားသော ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းခံထားသူ ၂၁၅၀၀၀ ကျော်ကို လက်ခံထားရှိပြီး ၎င်းတို့အနက် အကြီးမားဆုံး ဒုက္ခသည် အသိုင်းအဝိုင်းဖြစ်သည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ၁၂၆၀၀၀ ကျော် ပါဝင်သည်။

"မိမိသဘောဆန္ဒအလျောက် ပြည်တော်ပြန်ပို့ရေး အစီအစဉ်ရဲ့ ပထမအဆင့်ကို စက်တင်ဘာ ၂၉ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး သံတမန်ရေးရာ အကြောင်းကြားစာကနေတစ်ဆင့် မြန်မာအစိုးရက စိစစ် အတည်ပြုထားတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦး ပါဝင်မှာဖြစ်ပါတယ်" ဟု မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် မြန်မာရေတပ်မှ စစ်သင်္ဘောနှစ်စင်းနှင့် ဆေးရုံသင်္ဘော တစ်စင်းကို အသုံးပြုသွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိစစ်ပြီး ဒုက္ခသည်များအတွက် ရည်ရွယ်ပြုလုပ်သည့် အစီအစဉ်တွင် လူဦးရေ ၄၀၀၈ ဦး ပါဝင်မည်ဖြစ်ပြီး၊ အခြား လူ ၅၀၀၀ မှာမူ မြန်မာအစိုးရနှင့် သဘောတူညီထားသည့်အတိုင်း ဆန္ဒအလျောက် နေရပ်ပြန်သည့် အစီအစဉ်တွင် ပါဝင်မည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဩဂုတ်လလယ်ပိုင်းအထိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၀၃၈၈ ဦး ရှိကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနသည် ထိန်းသိမ်းခံထားရသူများ၏ အသေးစိတ်အချက်အလက်များ၊ နိုင်ငံသားဖြစ်ခွင့်၊ လူဝင်မှုကြီးကြပ်ရေး အခြေအနေ၊ ခိုလှုံခွင့် တောင်းခံမှုများနှင့် လုံခြုံရေး နောက်ခံသမိုင်းကြောင်းများကို ယခုနှစ်မကုန်မီ စိစစ် အတည်ပြုနိုင်ရန် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

"မလေးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည် ၉၅ ရာခိုင်နှုန်းကျော်ဟာ ဘင်္ဂါလီ၊ ချင်း၊ ကရင်နဲ့ မွန်အပါအဝင် မြန်မာနိုင်ငံက လာတဲ့သူတွေ ဖြစ်ကြပါတယ်" ဟု မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြည်တော်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို စနစ်တကျနှင့် ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

ကွာလာလမ်ပူမြို့တော်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ရုံးရှေ့တွင် စုဝေးခဲ့ကြသည့် ဘင်္ဂါလီ ၁၀၀ ကျော်ကို မလေးရှား အာဏာပိုင်များက ထိန်းသိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ နေရပ်ပြန်ပို့ရေး အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group