Eleven Media Group

■ အမေရိကန်၊ ဂျပန်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု တောင်ကိုရီးယား ပြောကြား

အမေရိကန်၊ ဂျပန်တို့နှင့် စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာလတွင် ပြုလုပ်သွားမည်ဟု တောင်ကိုရီးယားက ဩဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်က မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများကို အဆင်ပြေချောမွေ့စေရန်အတွက် တောင်ကိုရီးယားနှင့် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချခဲ့ပြီးနောက် တောင်ကိုရီးယား၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားသည် မြောက်ကိုရီးယားကို အဓိကပစ်မှတ်ထားသည့် Freedom Edge စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်း၏ အရှေ့ဘက်နှင့် တောင်ဘက်ရှိ နိုင်ငံတကာ ရေပြင်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) က ပြောကြားခဲ့သည်။

"ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့ နိုင်ငံ ၃ နိုင်ငံက နှစ်စဉ် ပြုလုပ်တဲ့ ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်" ဟု JCS က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်ပယ်စုံ ပါဝင်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ရေကြောင်းဆိုင်ရာ ဒုံးကျည် ကာကွယ်ရေး၊ လေကြောင်းနှင့် လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှုများ၊ ရေငုပ်သင်္ဘော ဖျက်ဆီးရေး စစ်ဆင်ရေးနှင့် ဆိုက်ဘာ ကာကွယ်ရေးတို့ ပါဝင်မည်ဟု တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

Freedom Edge စစ်ရေးလေ့ကျင့်မှုကို ၂၀၂၃ ခုနှစ် Camp David ထိပ်သီးအစည်းအဝေးတွင် နိုင်ငံ ၃ နိုင်ငံ၏ ခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်အရ ၂၀၂၄ ခုနှစ် ဇွန်လတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

"ဒီလို ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ကျွန်မတို့ရဲ့ မျှဝေထားတဲ့ တန်ဖိုးတွေကို ဆက်လက် ခိုင်မာစေမှာဖြစ်ပြီး ပူးတွဲ စစ်ဆင်ရေး လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးရုံမက ပစိဖိတ်ဒေသတစ်ခွင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အာမခံနိုင်ဖို့ ကျွန်မတို့ရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို ခိုင်မာစေမှာ ဖြစ်ပါတယ်" ဟု အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ရေတပ်ဗိုလ်မှူးကြီး ခလိုဝီ မော်ဂန်၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းဌာနက ဩဂုတ် ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုလအတွင်း တောင်ကိုရီးယားနှင့် နှစ်စဉ်ပြုလုပ်နေကြ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုများကို ၁၁ ရက်မှ ၅ ရက်သို့ လျှော့ချရန် အမိန့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရန် ကြိုးပမ်းနေချိန်တွင် အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အတွက် အလွန် စော်ကားရာ ရောက်သည်ဟု ထရန့်က ပြောကြားခဲ့သည်။

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကြောင့် တပ်ဖွဲ့များ အသင့်အနေအထားရှိနေနိုင်မှု အကန့်အသတ်များရှိလာသဖြင့် အမေရိကန်သည် နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် Ssangyong ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း ပယ်ဖျက်ခဲ့ကြောင်း တောင်ကိုရီးယားက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့ ထရန့်၏ ချဉ်းကပ်ဆောင်ရွက်မှုများ ရှိနေသော်လည်း မြောက်ကိုရီးယားဘက်က တုံ့ပြန်မည့် လက္ခဏာ မပြဘဲ ဒုံးကျည်များ ပစ်ခတ်ခဲ့သည့်အပြင် အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားသို့ လက်နက်ရောင်းချမှုကို အမေရိကန်က အတည်ပြုပေးခဲ့ခြင်းနှင့် မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်သည့် အစီအစဉ်များအတွက် ရန်ပုံငွေ ထောက်ပံ့မည့် အစီအစဉ်များကိုလည်း မြောက်ကိုရီးယားက ဆန့်ကျင် ရှုတ်ချခဲ့သည်။

မူရင်းသတင်း — Eleven Media Group