
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နေတိုးပိုင်နက်ကို တိုက်ခိုက်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ရန့်က ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ယင်းသည် ရုရှားက ဥရောပကို တိုက်ခိုက်လာနိုင်ခြေရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး အမေရိကန်က ရုရှားကို သတိပေးခဲ့သည်ဆိုသည့် သတင်းများကို ထရန့်က လျှော့ချပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် စီအိုင်အေညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်၏ ရုရှားခရီးစဉ်းအပြီးတွင် ကရင်မလင်နန်းတော်ကလည်း အဆိုပါ သတင်းများကို ခြောက်လှန့်သည့်ဇာတ်လမ်းများသာဖြစ်ကြောင်း ပယ်ချခဲ့သည်။
ပူတင်အနေဖြင့် နေတိုးအဖွဲ့ဝင်များကို တိုက်ခိုက်မည် ဟုတ်၊ မဟုတ် သတင်းထောက်များက မေးမြန်းခဲ့ချိန်တွင် ထရန့်က "ကျွန်တော် သူ့နဲ့ စကားကောင်းကောင်း ပြောဆိုခဲ့ပါတယ်။ သူက နေတိုး ပိုင်နက်ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး" ဟု ဖြေကြားခဲ့သည်။
ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာချိန်တွင် ရုရှားအနေဖြင့် နေတိုးအဖွဲ့၏ တုံ့ပြန်မှုကို စမ်းသပ်ရန် ကြိုးပမ်းလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး၏ သုံးသပ်မှုများ ထွက်ပေါ်လာစဉ် ရက်ကလစ်ဖ်သည် နေတိုးအဖွဲ့ကို တိုက်ခိုက်ခြင်း မပြုရန် ရုရှားအား ပြောကြားခဲ့ကြောင်း Wall Street Journal နှင့် CBS News တို့က သတင်းဖော်ပြခဲ့ကြသည်။
လာမည့် နှစ်အနည်းငယ်အတွင်း ပူတင်အနေဖြင့် အကန့်အသတ်ရှိသော တိုက်ခိုက်မှုတစ်ခုဖြင့် နေတိုးအဖွဲ့ကို စမ်းသပ်လာနိုင်ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် CIA ညွှန်ကြားရေးမှူးတစ်ဦး၏ သွားရောက်သည့် ယင်းခရီးစဉ်အတွင်း ရက်ကလစ်ဖ်က ထိုသို့သော သဝဏ်လွှာမျိုး ပေးပို့ခဲ့ခြင်းရှိ၊ မရှိ မေးမြန်းရာတွင် ထရန့်က "ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး၊ ဒါပေမဲ့ သူတို့ တိုက်ခိုက်မှာ မဟုတ်ပါဘူး" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထရန့်နှင့် ပူတင်တို့ကြား နောက်ဆုံးပြုလုပ်ခဲ့သည်ဟု သိရှိရသော ဖုန်းဆက်သွယ်မှုမှာ ဇွန်လအတွင်းက ဖြစ်ပြီး၊ ၎င်းတို့နှစ်ဦး လူချင်းနောက်ဆုံးတွေ့ဆုံခဲ့သည်မှာ ယူကရိန်းကိစ္စနှင့် ပတ်သက်၍ အဖြေရှာမရခဲ့ဘဲ ပြီးဆုံးသွားခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လက အလက်စကာထိပ်သီးအစည်းအဝေးတွင် ဖြစ်သည်။