
၂၀၂၆ ခုနှစ်အတွင်း အီရန်နိုင်ငံတွင် လူပေါင်း ၅၀၀ ကျော်သည် သေဒဏ်စီရင်ကွပ်မျက်ခံခဲ့ရကြောင်း နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) အဖွဲ့က ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း အနည်းဆုံး လူ ၅၁၁ ဦး ကွပ်မျက်ခံခဲ့ရပြီးဖြစ်ပြီး ယင်းတို့အနက် လူ ၂၉ ဦးမှာ ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ဆက်နွှယ်ပြီး သေဒဏ်ပေးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဒဏ်ပေးခံရသူများထဲတွင် အမျိုးသမီး ၁၆ ဦးနှင့် မတရားအသင်းအဖြစ် ပိတ်ပင်ခံထားရသော အတိုက်အခံအဖွဲ့များနှင့် ဆက်နွှယ်နေသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ပါဝင်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။
ဇန်နဝါရီလ ဆန္ဒပြပွဲများနှင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲများ ဖြစ်ပွားပြီးနောက် အီရန်သည် ပြည်သူများကို ခြိမ်းခြောက်ရန် နည်းလမ်းတစ်ခုအဖြစ် သေဒဏ်ပေးခြင်းကို အသုံးပြုနေကြောင်း တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားကြသည်။
"စွပ်စွဲထားတဲ့ ပြစ်မှုတွေဟာ ဘာပဲဖြစ်ဖြစ် ကွပ်မျက်မှုတွေ အားလုံးမှာ ရှင်းလင်းတဲ့ ပြည်တွင်း ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အကြောက်တရား ဖန်တီးဖို့နဲ့ ဆန္ဒပြပွဲအသစ်တွေ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့ပါပဲ" ဟု IHR ညွှန်ကြားရေးမှူး မာမွတ် အေမီရီ မိုဂါဒမ်က AFP သတင်းဌာနကို ပြောကြားခဲ့သည်။