
ဒီအာကွန်ဂိုနိုင်ငံ၌ အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ရန် အကူအညီပေးရေး အစီအစဉ်အတွက် လိုအပ်သည့် ရန်ပုံငွေ အပြည့်အဝ ရရှိနိုင်ရေး ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ကူညီပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဩဂုတ် ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။
စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ ကုန်ကျမည့် အဆိုပါ အစီအစဉ်သည် အမေရိကန်၏ အဓိက ထောက်ပံ့ကူညီမှု ရရှိထားသော်လည်း ထပ်ဆောင်း ရန်ပုံငွေများ မရရှိပါက လုပ်ငန်းများ တိုးချဲ့ရန် လိုအပ်နေသည့်အချိန်တွင် အရေးပါသော လုပ်ငန်းစဉ်များအတွက် ငွေကြေး ပြတ်လပ်သွားလိမ့်မည်" ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်အတွက် ရန်ပုံငွေ ၄၈ ရာခိုင်နှုန်းသာ ရရှိထားပြီး လက်ရှိ ဘဏ္ဍာရေး အရင်းအမြစ်များသည် လအတော်ကြာ ခံတော့မည် မဟုတ်ဘဲ သီတင်းပတ် အနည်းငယ်မျှသာ ခံတော့မည်ဖြစ်သည်ဟု ဂူတာရက်စ်က ဆက်လက်ပြောဆိုသည်။
"ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ကျန်ရှိနေတဲ့ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။ အနာဂတ်မှာ ဒီထက်မက ပိုပြီး လိုအပ်လာနိုင်တယ်ဆိုတာကိုလည်း သတိထားမိပါတယ်" ဟု ၎င်းက ဆိုသည်။
မေလ ၁၅ ရက်နေ့တွင် အီဘိုလာရောဂါစတင်ဖြစ်ပွားကြောင်း ကြေညာခဲ့ချိန်မှစပြီး ကွန်ဂိုနိုင်ငံ၌ အီဘိုလာ အတည်ပြုလူနာ ၅၆၀၀ ကျော် ရှိခဲ့ပြီး လူ ၂၇၀၀ ကျော် သေဆုံးခဲ့သည်။