
နေပြည်တော်၊ ဩဂုတ် ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယမန်နေ့က ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၉) နှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၉) တို့၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။
အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သက်ဆိုင်ရာကျောင်း အုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများ၊ နည်းပညာဘာသာရပ်ပိုင်းဆိုင်ရာများနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာတို့တွင် နှစ်အလိုက်ထူးချွန်ထက်မြက်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ၎င်းတို့ စိတ်ပါဝင်စားမှုများအပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် စစ်တက္ကသိုလ် အနော်ရထာတပ်ရင်းရှိ ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar