Eleven Media Group

■ ရုရှားအတွက် စစ်တိုက်ပေးရန် ဒေသခံများကို လူကုန်ကူးနေသည်‌ဆို‌သောလူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီး

ဒေသခံများကို စည်းရုံး၍ မော်စကို၏ ယူကရိန်းနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် တည်ကြက်အဖြစ် စေလွှတ်သည်ဟု သံသယရှိသူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားသည်။

နိုင်ငံအချို့၏နိုင်ငံသားများ အထူးသဖြင့် အာဖရိကနိုင်ငံများမှ နိုင်ငံသားများသည် ၂၀၂၂ ခုနှစ်တွင် စစ်ပွဲစတင်ကတည်းက ရုရှားနိုင်ငံတွင် အလုပ်အကိုင်များရရှိမည်ဟူသောကတိများဖြင့် စည်းရုံခံခဲ့ရပြီးနောက် ယူကရိန်းစစ်ပွဲတွင် တိုက်ခိုက်ရန် ရုရှားစစ်တပ်ထဲသို့ စစ်သားအဖြစ်အတင်းအကျပ်စုဆောင်းခံရသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံရသူနှစ်ဦးမှာ မီဇာနာရာမန်နှင့် အဘူတာဟာတို့ဖြစ်ကြပြီးသူတို့က လစာကောင်းသည့်အလုပ်များရမည်ဟု ကတိပေးကာ အနည်းဆုံးလူ ၃၀ ကို ရုရှားသို့ လူကုန်ကူးခဲ့သည်ဟု ထိပ်တန်းရဲတပ်ဖွဲ့ဖြစ်သည့် အထူးတုံ့ပြန်ရေးတပ်၏တပ်မှူး မိုဟာမက်အဆာဒူဇာမန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

မေလဆန်းပိုင်းတွင် ရုရှားသို့ ရောက်သွားသည့် လူကုန်ကူးခံရသူများထဲက ၁၇ ဦးမှာ သင်တန်း နည်းနည်းသာတက်ခဲ့ပြီးနောက် ရှေ့တန်းထွက်သည့် ပထမဆုံးနေ့တွင်ပင် သေဆုံးသွားကြသည်ဟု အဆာဒူဇာမန်က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစုစုပေါင်း ၂၀ သည် သေဆုံးသွားသည်ဟု အတည်ပြုထားသည်။

"ဘင်္ဂလားဒေ့ရှ်တွေဟာရန်သူတည်နေရာတွေကို ရှာဖို့ တည်ကြက်အဖြစ် အသုံးချခံရပါတယ်"ဟု သူက ပြောကြားခဲ့သည်။
"ဘင်္ဂလားဒေ့ရှ်တွေဟာ ဒရုန်းတိုက်ခိုက်မှုတွေရဲ့သားကောင်ဖြစ်သွားကြပြီးတဲ့နောက် ရုရှားတပ်ဖွဲ့ တွေက နောက်လာမည့် စစ်ဆင်ရေးလမ်းကြောင်းကိုဆုံးဖြတ်ကြတာပါ"ဟုသူက ပြောကြားခဲ့သည်။

ဒါကာမြို့ရှိ ရုရှားသံရုံးက ဖြေကြားပေးရန် မေးမြန်းမှုကို ချက်ချင်း ဖြေကြားခြင်းမပြုပေ။
ရုရှားသို့ ပို့ဆောင်ခံရသူအများစုမှာ သေဆုံးသွားခဲ့ကြသည်ဟု ဆိုသည်။ နှစ်ဦးသာလွတ်မြောက်ခဲ့သည်ဟု သိရသည်။

လွတ်မြောက်လာသူနှစ်ဦးကို နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ပေးခဲ့သည် ဟုသိရသည်။ အခြားဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးမှာ မော်စကိုရှိ ဆေးရုံတစ်ရုံကိုရောက်နေပြီး ခြောက်ဦးမှာ စစ်မြေပြင်တွင်ရှိနေဆဲဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့က လူကုန်ကူးမှုကွန်ရက်တွင် ပါဝင်သည်ဟုဆိုသည့် နောက်ထပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကိုရှာဖွေနေသည့်အပြင် ရုရှားအမျိုးသားတစ်ဦးနှင့် ကာဂျစ္စတန်မှလာ သည့် အမျိုးသမီးတစ်ဦးတို့ကိုလည်း ရှာနေသည်ဟု သိရသည်။

■ Ref: AFP

မူရင်းသတင်း — Eleven Media Group