
အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီအပူဇော်ခံ ပွဲတော် ဒုတိယရက်တွင် ဖျော်ဖြေရေး လှေယာဉ်တစ်စီး ရေစိမ့်ဝင်ကာ နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူသူ ထိခိုက်မှုမရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ဘုရားပွဲ ဒုတိယရက်ဖြစ်သော ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက် ညနေပိုင်း ၃ နာရီခန့် တွင် လှေဝမ်းထဲ ရေစိမ့်ဝင်ခြင်းကြောင့် အမျိုးသမီး ၂၀ ကျော် လိုက်ပါလာသော ဖျော်ဖြေရေး လှေယာဉ်တစ်စီး ထပ်မံ နစ်မြုပ်ခဲ့ကာ ၊ လူသူ ထိခိုက်မှု မရှိသော်လည်း လှေပေါ် ပါလာသော ဖျော်ဖြေရေးတူရိယာ နှင့် စက်ပစ္စည်းများ ရေနစ်မြုပ်မှု ရှိကြောင်း သိရသည်။
အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား ဒေသစာရီကြွချီပွဲတော် ပထမရက် အောက်တိုဘာ ၁၂ ရက်တွင်လည်း ဘုရားဆွဲလှေများ အပြန်ခရီးစဉ်တွင် နမ့်ဟူး ဘုရားဆွဲလှေ (ရာကျော်လှေ)တစ်စင်းသည် ရွာမအဝင်ရှိ ထွန်းထွန်း စားသောက်ဆိုင် ရှေ့တွင် စက်လှေများ မောင်းနှင်ခြင်းကြောင့် လှိုင်းပုတ် ရေဝင် နစ်မြှုပ်ခြင်း ဖြစ်ကာ၊ လူတစ်ဦးမှ ထိခိုက်ခြင်း မရှိကြောင်း သိရသည်။
ဘုရားဆွဲလှေများပေါ်တွင် လူဦးရေ ရာကျော် လိုက်ပါလာသဖြင့် ဘုရားဖူး နှင့် ခရီးသွားပြည်သူအများ အင်းလေးကန်တွင် စက်လှေမောင်း ဆရာများ ဖြေးဖြေး မောင်းနှင်ကြပါရန် ဆွဲလှေ မောင်းသမားများက မေတ္တာရပ်ခံထားကြသည်။
အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား လေးဆူ ဒေသစာရီကြွချီပွဲတော် ကို ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ် လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၃)ရက်၊ အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက် အထိ အင်းလေးဒေသ (၂၁) ဌာနကို ဒေသစာရီကြွချီပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။