Eleven Media Group

■ အင်ဒိုနီးရှားတောမီး‌ကြောင့် စင်ကာပူတွင် လေထုညစ်ညမ်းမှု မြင့်တက်နေပြီး အရှေ့တီမော၌ ကျောင်းများ ပိတ်မည်

အင်ဒိုနီးရှားတွင် လောင်နေသော တောမီးများက ဒေသတွင်း အကျပ်အတည်းကိုပေါ်ပေါက်စေသည့် အနေအထားတွင် စင်ကာပူနေရာအချို့၌ လေထုညစ်ညမ်းမှု အလွန်မြင့်မားနေပြီး အရှေ့တီမော၌ကျောင်းများပိတ်မည်ဟု သိရသည်။

အင်ဒိုနီးရှားတောမီးများက သစ်တောနှင့် စိုက်ခင်း ဟက်တာထောင်ပေါင်းများစွာကို လောင်ခဲ့သည်။ ဒေသခံများ ဖျားနာသည်အထိဖြစ်ခဲ့ကြပြီး ဒေသတွင်း မီးခိုးမြူထူများကို လွင့်စင်စေခဲ့သည်။

အောက်တိုဘာ ၁၄ ရက်တွင် စင်ကာပူအနောက်ပိုင်း၌ လေထုညစ်ညမ်းမှုသည် အလွန်မြင့်မားနေပြီး နိုင်ငံ၏အမြင့်ဆုံးအနေအထားကို ရောက်နေသည်ဟု အမျိုးသားပတ်၀န်းကျင်အေဂျင်စီက ပြောကြားခဲ့သည်။

PM2.5 ဟုခေါ်ပြီး လူ့သွေးနှင့်အဆုတ်ထဲအထိ ထိုးဖောက်၀င်ရောက်နိုင်သော အမှုန်လေးများ၏ပမာဏသည် ကုဗတစ်မီတာကို ၂၈၈ မိုက်ခရိုဂရမ်ရှိနေသဖြင့် ယင်းပမာဏသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အကြံပြုချက်ဖြစ်သည့် ပျမ်းမျှနှစ်စဉ်ထိတွေ့မှု ငါးမိုက်ခရိုဂရမ်ထက် သိသိသာသာ ကျော်လွန်နေသည်။

အင်ဒိုနီးရှားသည် ခြောက်သွေ့ရာသီတွင် တောမီးများကို ပုံမှန်ရင်ဆိုင်နေရသည်ဆိုသော်လည်း အင်အား‌ကောင်းသော အယ်နီညိုသံသရာက မိုးခေါင်မှုကို ဖြစ်ပေါ်‌ စေသောကြောင့် ယခုနှစ်တောမီးများသည် ပုံမှန်ထက် ပိုမိုအားကောင်းနေသည်။

ပညာရှင်တို့က ဆူမားတြားနှင့် ဘော်နီယိုကျွန်းတို့၏သဘာ၀အားဖြင့် မီးဒဏ်ခံနိုင်သောမြေမျက်နှာသွင်ပြင်ကို ပြောင်းလဲစေသည့် တောခုတ်၍‌ မြေရှင်းခြင်းနှင့် မီးရှို့၍မြေရှင်းခြင်းတို့ကိုလည်း ထောက်ပြနေကြသည်။

မီးခိုးမြူတို့သည် အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားတို့အထိလွင့်နေသလို ဖိလစ်ပိုင်နှင့် အရှေ့တီမောအထိပင် လွင့်နေ‌သည်။ ထို့ကြောင့် အရှေ့တီမောသည် အောက်တို ဘာ ၁၅ ရက်မှစတင်ကာ တစ်နိုင်ငံလုံးရှိ ကျောင်းများကို သုံးရက် ပိတ်ထားမည်ဖြစ်သည်။

ကျောင်းပိတ်ခြင်းသည် ကျောင်းသားများ၊ ဆရာများ၊ပညာရေးအသိုက်အ၀န်းမှလူများ၏ ကျန်းမာရေးကို ကြိုတင်ကာကွယ် ခြင်းဖြစ်သည်ဟု အရှေ့တီမောအစိုးရက ပြောကြားသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group