Eleven Media Group

■ ဘယ်လာရုစ်နိုင်ငံ DBRB နှင့် Belinvestbank JSC တို့မှ ပို့ကုန်ချေးငွေရယူရေးကိစ္စ ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မက ပေးပို့သော ဘယ်လာရုစ်နိုင်ငံ DBRB နှင့် Belinvestbank JSC တို့မှ ပို့ကုန်ချေးငွေရယူရေးကိစ္စကို ယနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့သည်။

ဘယ်လာရုစ်နိုင်ငံ DBRB နှင့် Belinvestbank JSC တို့မှ ပို့ကုန်ချေးငွေရယူရေးကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး ထိုသို့ ဆွေးနွေးမှုများအပေါ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ယနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လာရောက်ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ပနိုင်ငံအဖွဲ့အစည်းများမှ ချေးငွေရယူရာတွင် နိုင်ငံခြားငွေဖြင့် ချေးငွေယူသူအနေဖြင့် ချေးငွေစာချုပါ စည်းကမ်းသတ်မှတ်ချက်များဖြစ်သည့် ငွေကြေးအမျိုးအစား၊ အတိုးနှုန်း၊ ချေးငွေသက်တမ်း စသည်တို့နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေဖြင့် ချေးငွေရယူခြင်းဖြစ်သည့်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကြောင့် ဆုံးရှုံးနိုင်ခြေနှင့် အတိုးနှုန်းပြောင်းလဲမှုကြောင့် ဆုံးရှုံးးနိုင်ခြေတို့ကို ကြုံတွေ့ရနိုင်နိုင်ကြောင်း၊ ပြည်ပချေးငွေရယူရာတွင် နိုင်ငံခြားငွေကြေ အမျိုးအစား အမျိုးမျိုးဖြင့် ရယူရသည့်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် သက်ရောက်မှု အနည်းနှင့်အများ ရှိနိုင်ကြောင်း၊ ထို့ကြောင့် Exchange Rate Risk အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောကြားသည်။

ယခုရယူမည့် ချေးငွေ၏ သက်တမ်းမှာ အများဆုံး ၅ နှစ်ဖြစ်သည့်အတွက် ကာလတိုချေးငွေဖြစ်၍ စျေးကွက်ပြောင်းလဲမှုကြောင့် သက်ရောက်မှု လျော့နည်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေလဲနှုန်းနှင့် အတိုးနှုန်းတို့ကြောင့် ဖြစ်ပေါ်နိုင်ခြေရှိသော သက်ရောက်မှုများကို အနည်းဆုံးဖြစ်စေရန်အတွက် ချေးငွေရယူရာတွင် ချေးယူမည့် ငွေကြေးအမျိုးအစား ခိုင်မာမှု၊ သက်ဆိုင်ရာ အခြေခံအတိုးနှုန်းနှင့် ပြန်ဆပ်ကာလများကို စိစစ်အကဲဖြတ်၍ ချေးငွေရယူရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ငွေပေးချေမှုများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ နိုင်ငံပိုင် ဘဏ်သုံးဘဏ်နှင့် ဘီလာရုစ်နိုင်ငံမှ DBRB နှင့် Belinvest JSC တို့အကြား ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Banking Arrangement) အား လက်မှတ်ရေးထိုးထားပြီး ယခုအခါ ဘဏ်စာရင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ နိုင်ငံပိုင်ဘဏ်များနှင့် ဘီလာရုစ်နိုင်ငံမှ DBRB နှင့် Belinvest JSC တို့အကြား ငွေပေးငွေယူကိစ္စများ အဆင်ပြေချောမွေ့စေရန်အတွက် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြခဲ့သည်။

ယခုရယူမည့် ပို့ကုန်ချေးငွေအား နိုင်ငံခြားငွေကြေးအမျိုးအစား ၅ မျိုးဖြင့် ရယူနိုင်ပြီး Sanction အကြုံးမဝင်သည့် နိုင်ငံခြားငွေကြေးအမျိုးအစားဖြင့် ရယူနိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သင့်လျော်သော ငွေပေးချေမှုလမ်းကြောင်းကို ကြိုတင်စိစစ်သုံးသပ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

"ဘီလာရုစ်သမ္မတနိုင်ငံမှ ပေးအပ်မည့် ပို့ကုန်ချေးငွေဖြင့် ဝယ်ယူမယ့် ပစ္စည်းဝန်ဆောင်မှုဟာ နိုင်ငံတော်အတွက် မှန်တကယ်လိုအပ်သော၊ အများပြည်သူအတွက် အကျိုးရှိ ထိရောက်သော ပစ္စည်းဝန်ဆောင်မှုများဖြစ်ရန် ချေးငွေရယူမည့်ဌာန၊ အဖွဲ့အစည်းများနှင့်အတူ စိစစ်ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်"ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ပို့ကုန်ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသည့်အခါ ၎င်းစာချုပ်နှင့် အညီ ပို့ကုန်ချေးငွေ ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဆောင်ရွက်မည့်လုပ်ငန်းများ၏ ရည်မှန်းချက် ပြည့်မီအောင်မြင်စေရန် စောင့်ကြည့်ကျပ်မတ်ခြင်း၊ ချေးငွေပြန်လည်ပေးဆပ်မှုများကို ကျပ်မတ်ဆောင်ရွက်ခြင်းတို့ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံရှိ ဘဏ်များအကြား ပို့ကုန်ချေးငွေဆိုင်ရာ မူဘောသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီဖြစ်သဖြင့် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပုဒ်မ (၉)၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၁၃) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ တင်ပြမှုအပေါ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ စက်ခလုတ်နှိပ်အသုံးပြု၍ ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၅၀၆ မဲ၊ ကန့်ကွက်မဲ ၉ မဲ ၊ ကြားနေမဲ ၈ မဲဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။

မူရင်းသတင်း — Eleven Media Group