
ထိုင်းနိုင်ငံတွင် တရားဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည့် စည်းကမ်းချက်အသစ်များကို ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က လက်မှတ်ရေးထိုးခဲ့ကြောင်း The Star သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ ဥပဒေကို ချိုးဖောက်သူများ သို့မဟုတ် ပြည်သူလူထု၏ အေးချမ်းသာယာမှုကို ထိခိုက်စေသည်ဟု ယူဆရသော ပြုမူနေထိုင်မှုများ ပြုလုပ်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရာတွင် ကျင့်သုံးမည့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းသည့် စည်းမျဉ်းသစ်များကို အနူတင်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံး စည်းမျဉ်းကို ဩဂုတ် ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စည်းမျဉ်းသည် ဩဂုတ် ၂၈ ရက်နေ့မှစတင် စတင် အာဏာသက်ရောက်မည် ဖြစ်သည်။
ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလာရေး၊ နေထိုင်ရေး၊ အလုပ်အကိုင် သို့မဟုတ် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ရန် တရားဝင် ဝင်ရောက်လာသူ နိုင်ငံခြားသားများကို ကြိုဆိုကြောင်း ယင်းစည်းမျဉ်းတွင် ဖော်ပြထားသည်။
သို့သော် အချို့သော နိုင်ငံခြားသားများသည် ဥပဒေကို ချိုးဖောက်ခြင်း၊ အများပြည်သူအေးချမ်းသာယာရေး၊ ကောင်းမွန်သော စာရိတ္တပိုင်းဆိုင်ရာများကို ထိခိုက်စေခြင်း သို့မဟုတ် ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ဝင်ရောက်လာခြင်းများ ရှိကြောင်း ဖော်ပြထားသည်။
ယင်းစည်းမျဉ်းသည် ပြည်နှင်ဒဏ်ပေးရေး ဆုံးဖြတ်ချက်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို မြန်ဆန်ပြီး ထိရောက်မှု ရှိစေရန် ရည်ရွယ်သည့် တရားဝင် လုပ်ထုံးလုပ်နည်းများကို စနစ်တကျ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
နိုင်ငံခြားသားတစ်ဦး၏ ပြုမူနေထိုင်မှုသည် အများပြည်သူအေးချမ်းသာယာရေး၊ ကောင်းမွန်သော စာရိတ္တပိုင်းဆိုင်ရာ သို့မဟုတ် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထိခိုက်စေသည်ဟု ယူဆရပါက ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် သို့မဟုတ် တရားဝင် တာဝန်လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ်သည် ပြည်နှင်ဒဏ်ပေးမိန့် ထုတ်ပြန်ရေးအတွက် အဆိုပါအမှုကို ပြည်ထဲရေးဝန်ကြီးထံ အစီရင်ခံရမည်ဖြစ်သည်။
ပြစ်မှုအမျိုးအစား ခြောက်ခုအတွက် တရားရုံး၏ အပြီးသတ် စီရင်ချက်ဖြင့် ချမှတ်ထားသော ပြစ်ဒဏ်များကို ကျခံပြီးစီးခဲ့သည့် နိုင်ငံခြားသားများကို ပြည်ထဲရေးဝန်ကြီးက ပြည်နှင်ဒဏ်ပေးရန် အမိန့်ထုတ်ပြန်နိုင်သည်။
ထိုပြစ်မှု အမျိုးအစား ခြောက်ခုမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် တရားမဝင် ဆက်လက်နေထိုင်ခြင်း၊ နိုင်ငံခြားသားများ အလုပ်အကိုင် ခန့်ထားမှုဆိုင်ရာ ဥပဒေအရ တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများ အက်ဥပဒေအရ စီးပွားရေးလုပ်ငန်းများကို တရားမဝင် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ တရားဝင် အစိုးရစာရွက်စာတမ်းများကို အတုပြုလုပ်ခြင်း သို့မဟုတ် အတုပြုလုပ်ထားသော အစိုးရစာရွက်စာတမ်းများကို အသုံးပြုခြင်း၊ အနည်းဆုံး ထောင်ဒဏ် ငါးနှစ် ကျခံစေနိုင်သော ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်း၊ အဆိုပါ ပြစ်မှုအမျိုးအစား ၅ ခုအနက် တစ်ခုခုတွင် လှုံ့ဆော်သူ သို့မဟုတ် အားပေးကူညီသူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း အစရှိသည့် ပြစ်မှုများဖြစ်သည်။
ထို့ပြင် ပြည်နှင်ဒဏ်ပေးမိန့်တွင် သတ်မှတ်ထားသော ကာလအပိုင်းအခြားတစ်ခုအထိ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်သည့် အချက်လည်း ပါဝင်မည်ဖြစ်သည်။
ပြည်နှင်ဒဏ်ပေးခံရသူကို ပုံမှန်အားဖြင့် ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ပြီး ၎င်းတို့သည် မည်သည့်နိုင်ငံသားဖြစ်ကြောင်း အတည်မပြုနိုင်ပါက ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ နောက်ဆုံး အပြီးသတ် နေထိုင်ခဲ့ကြောင်း သတင်းပို့ထားသည့် နိုင်ငံသို့ ပို့ဆောင်နိုင်သည်။
အခြားနိုင်ငံတစ်ခု သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုသည် ပြည်နှင်ဒဏ်ပေးခံရသူအား ၎င်းတို့နိုင်ငံ သို့မဟုတ် တတိယနိုင်ငံတစ်ခုခုသို့ လက်ခံခေါ်ယူနိုင်ရန် ပြည်နှင်ဒဏ်ပေးမိန့် ထုတ်ပြန်ပြီး ခုနစ်ရက်အတွင်း သံတမန်လမ်းကြောင်းမှတစ်ဆင့် မေတ္တာရပ်ခံစာ တင်သွင်းနိုင်သည်။
ထိုသို့ မေတ္တာရပ်ခံရာတွင် ပြည်နှင်ဒဏ်ပေးခံရသူအတွက် ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ်များအပါအဝင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထည့်သွင်းဖော်ပြနိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။