
စီးပွားရေးရိုက်ခတ်မှုများ၏ သက်ရောက်မှုကို လျှော့ချပြီး စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် အစိုးရများနှင့် ဗဟိုဘဏ်များကို အထောက်အကူပြုသည့် စီးပွားရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု နည်းလမ်းသစ်များ ဖော်ထုတ်ပေးခဲ့မှုကြောင့် အမေရိကန်စီးပွားရေးပညာရှင် ပါမောက္ခများဖြစ်ကြသည့် ရောဘတ် အီးဟောလ်နှင့် မိုက်ကယ်ဝုဖို့ဒ်တို့ကို ၂၀၂၆ ခုနှစ်အတွက် စီးပွားရေးနိုဘယ်ဆု ပူးတွဲပေးအပ်လိုက်သည်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် အောက်တိုဘာ ၁၂ ရက်၌ကျင်းပသည့် အခမ်းအနားအတွင်း ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ထိုဆုကို ကြေညာခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး၏ သုတေသနများသည် စီးပွားရေး အတက်အကျများကို လျှော့ချရန် အထောက်အကူပြုခဲ့ကာ စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် များစွာအသုံးဝင်ခဲ့ကြောင်း၊ စွမ်းအင်အကျပ်အတည်းများ သို့မဟုတ် အိမ်ထောင်စုများ၏ စားသုံးမှုပမာဏ ရုတ်တရက်ပြောင်းလဲခြင်းကဲ့သို့ စီးပွားရေးရိုက်ခတ်မှုများကို ရင်ဆိုင်တုံ့ပြန်ရာတွင် ၎င်းတို့နှစ်ဦး၏ သုတေသနများက ထိရောက်စွာ အထောက်အကူပြုခဲ့ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ကယ်လီဖိုးနီးယားပြည်နယ်ဖွား အသက် ၈၃ နှစ်အရွယ် ဟောလ်က စတန်းဖို့ဒ်တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေပြီး မက်ဆာချူးဆက်ပြည်နယ်ဖွား အသက် ၇၁ နှစ်အရွယ် ဝုဖို့ဒ်က ကိုလံဘီယာတက္ကသိုလ်တွင် ပါမောက္ခအဖြစ် လုပ်ကိုင်နေသည်။
ဆုကြေးငွေကို ခွဲဝေယူရမည် ဖြစ်သည့်အတွက် တစ်ဦးလျှင် ဆွီဒင်ခရိုနာ ၆ သန်းစီ ရရှိမည်။ မူလ နိုဘယ်ဆုငါးမျိုးကို ဆွီဒင်နိုင်ငံသား သိပ္ပံပညာရှင်နှင့် စက်မှုလုပ်ငန်းရှင် အဲလ်ဖရက်နိုဘယ်၏ အမွေတမ်းပါ ပြဋ္ဌာန်းချက်များအရ စတင်သတ်မှတ်ခဲ့ပြီး ၁၉၀၁ ခုနှစ်မှစ၍ ချီးမြှင့်လာခဲ့သည်။
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ကာလများအတွင်း အချို့နှစ်များတွင် ဆုမချီးမြှင့်နိုင်ခဲ့သည်မှလွဲ၍ ကျန်နှစ်များတွင် ဆက်လက်ချီးမြှင့်ခဲ့သည်။
စီးပွားရေးနိုဘယ်ဆုကိုမူ ၁၉၆၈ ခုနှစ်တွင် ဆွီဒင်ဗဟိုဘဏ် Riksbank က စတင်တည်ထောင်ကာ ၁၉၆၉ ခုနှစ်မှစ၍ ချီးမြှင့်ခဲ့သည်။ ယခုနှစ် ဆုချီးမြှင့်မှုအပြီး စီးပွားရေးနိုဘယ်ဆုရရှိသူ စုစုပေါင်း ၁၀၁ ဦး ရှိလာပြီး အမျိုးသမီးဆုရှင် သုံးဦးသာပါဝင်သည်။ စီးပွားရေးနိုဘယ်ဆု ချီးမြှင့်မှုနှင့်အတူ ယခုနှစ်အတွက် နိုဘယ်ဆုများ ချီးမြှင့်ခြင်းအစီအစဉ် ပြီးဆုံးသွားပြီဖြစ်သည်။