



နေပြည်တော်၊ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ အကြားနေရာ၌ ဧရာဝတီမြစ်မှ ခွဲထွက်လာသော တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်ရေတိုက်စားမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါရေတိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ရန်ကုန်-မအူပင် လမ်းကြောင်းအတိုင်း ညောင်တုန်းကျွန်းတာ တာကိုယ်ထည်ရေတိုက်စားမှု ဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ပြီး လမ်းကြောင်းတစ်လျှောက် ရေဝပ်ဧရိယာဖြစ်ပေါ်နေမှုများ၊ ရေဆင်းလမ်းကြောင်းပိတ်ဆို့နေမှုများ၊ ရေကျော်နေရာ ဖြစ်ပေါ်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ညောင်တုန်းကျွန်းတာ တာကိုယ်ထည်ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့် ပြည်သူများက တိုးမြစ်အတွင်း မြစ်ကြမ်းပြင်ရေတိုက်စားမှုအခြေအနေများ၊ ဧရာဝတီမြစ်ခွဲမှ ခွဲထွက်သွားသည့် တိုးမြစ်၏ အစပိုင်းပေ ၄၅၀၀ ခန့်အကွာ၌ မြစ်ကွေ့နေရာတည်ရှိပြီး မြစ်ကွေ့နေရာ ၂ မိုင်ခန့်အတွင်း ရေနက်စီးကြောင်းသည် မာယူ/ချောင်းဖျား ကျေးရွာ၊ ချောင်းကြီးကျေးရွာ၊ ဂန်ချောင်းကျေးရွာနှင့် ထုံးဝကျေးရွာများသို့ ဦးတည်ရွေ့လျားပြောင်းလဲလာပြီး မြစ်ကမ်းပါးရေတိုက်စားမှုများကြောင့် နှစ်စဉ်ကမ်းပါးပြိုကျပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊ ဂန်ချောင်း ကျေးရွာအနီး မြစ်ရေတိုက်စားမှုကြောင့် နှစ်စဉ် ပေ ၁၅၀ မှ ၂၆၅ ပေခန့်အထိ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၄၀ ကျော်အတွင်း စိုက်ပျိုးမြေများ အပါအဝင် စုစုပေါင်းမြေဧရိယာ ၁၀၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကာ မြစ်တစ်ဖက်ကမ်းတွင် မြေနုကျွန်း ဧက ၈၅၀ ပေါ်ထွန်းတည်ရှိနေသည့် အခြေအနေများ၊ ဒေသတွင်းရေဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မူလတာ၏ အနောက်ဘက်များတွင် ပန်းတာ၊ ဖြတ်တာများအား ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်မှ ယခုဘဏ္ဍာရေးနှစ်အထိစုစုပေါင်း ၁၂ ခုခန့် ဆောင်ရွက်ပေးခဲ့သည့်အခြေနေများ၊ ယခုညောင်တုန်းကျွန်းတာ တာကိုယ်ထည် ရေတိုက်စားမှုဖြစ်ပွားခဲ့မှုအား ကာကွယ်နိုင်ရေးအတွက် တာခြေတွင် တုတ်တန်းရိုက် သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူရင်းတာ 2nd Bund Slope အခြေသဲအိတ်ထောက်ခြင်း၊ ယာယီပန်းတာတည်ဆောက်ခြင်း၊ ကမ်းရင်းတာ Bund Slope တည်ဆောက်ခြင်းနှင့် ယာယီပန်းတာ၏ အရှေ့ဘက်ဆင်ခြေလျှောတိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပန်းတနော်မြို့နယ်ရှိ ဒေါင့်ကြီး၊ နံဂါတ်၊ တောကျောင်း၊ ပေါက်ချောင်း၊ ကဇင်းတော၊ ကျောင်းစု၊ ကဿဝင်ကျေးရွာများနှင့် မအူပင်မြို့နယ်ရှိ ချောင်းကြီး၊ ဂန်ချောင်း၊ လှည်းဆိပ်ကျေးရွာများ ကမ်းပြိုမှုကင်းဝေးရန်နှင့် ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးအတွက် ရေရှည်ဆောင်ရွက်သင့်သည့်အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လာမည့်နှစ်များအတွင်း ယခုကဲ့သို့ တာဘောင်များ ရေတိုက်စားမှုဖြစ်စဉ်များနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များ လျော့ကျစေရေးအတွက် ရေစီးရေလာကောင်းမွန်စေရေး မြစ်ကြောင်းများတစ်လျှောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြစ်များ၊ မြစ်လက်တက်များ၊ ချောင်းများအားလုံး၏ ရေစီးရေလာမှုနှင့် ရေဝင်ရေထွက်မှုများ၊ မြစ်ကြမ်းခင်း Bed level များအား စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်ခြင်း၊ ဆန်းစစ်လေ့လာခြင်း၊ လိုအပ်သည့် ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ဖြစ်ပွားမှုများကို ကြိုတင်တားဆီးကာကွယ်လျှော့ချခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ ရေစီးဆင်းရာလမ်းကြောင်းအတိုင်း စီးဆင်းနိုင်မှုမရှိခြင်းကြောင့်သာ ရေများအထက်မှ အောက်သို့ မစီးဆင်းနိုင်ဘဲ ဘေးဘက်နေရာများသို့ တိုက်စားစီးဆင်းသွားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြစ်ချောင်းများ၏ ရေစီးရေလာအခြေအနေများအား အမြဲမပြတ်လေ့လာဆန်းစစ်သုံးသပ်ပြီး လိုအပ်သည့် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေရန်လိုကြောင်း။
ရေလမ်းကြောင်းပေါ်ရှိ မြေနုကျွန်းများ တူးထုတ်ရှင်းလင်းခြင်းလုပ်ငန်းများကိုလည်း စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့် မြေတူးစက်များဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများတစ်လျှောက် သောင်တူးဖော်ခြင်းလုပ်ငန်းများကို လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရေကြီးရေလျှံမှုများကို များစွာလျော့ပါးစေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုများ လျှော့ချနိုင်ရေးဆောင်ရွက်ရာတွင် အရေးကြီးသည့် ရေတိုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရသကဲ့သို့ ရေရှည်အတွက်လည်းစနစ်တကျသုံးသပ်တွက်ချက်ပြီး ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြစ်ချောင်းများတစ်လျှောက် ပိတ်ဆို့နိုင်သည့်နေရာများကို စနစ်တကျရှင်းလင်းဆောင်ရွက်သွားမည်ဆိုပါက ရေစီးဆင်းမှုများကောင်းမွန်ပြီး ရေကြီးရေလျှံမှုများကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တာကိုယ်ထည်မြစ်ကမ်းရေတိုက်စားမှုကြောင့် ပြိုကျမှုများကို အချိန်မီထိန်းသိမ်း ပြုပြင်ဆောင်ရွက်သကဲ့သို့ အခြားတာရိုးများတစ်လျှောက် ရေတိုက်စားနိုင်သည့်နေရာများကိုလည်း ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအနှံအပြား၌ သဘာဝဘေးဒဏ်နှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ရပ်မျိုးစုံ ကြုံတွေ့ရလျက်ရှိပြီး လတ်တလောဖြစ်ပေါ်ခဲ့သည့် နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်ကို သင်ခန်းစာယူ၍ ရာသီဥတုပြောင်းလဲမှု (Climate Change)၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့်ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရေရှည်အကျိုးအတွက် စီမံတွက်ချက် ဆောင်ရွက်သွားကြရန်လိုကြောင်း။
ယခုရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ညောင်တုန်းကျွန်းတာရေတိုက်စားမှု ယာယီတားဆီးကာကွယ်နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား အမြန်ဆုံးပြီးစီးနိုင်ရေးအတွက်လည်း ရနိုင်သမျှသောအင်အားစုများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း။
တစ်ချိန်တည်း၌ပင် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝထိခိုက်မှုများကိုလည်း စနစ်တကျစစ်တမ်းကောက်ယူသွားရန်လိုကြောင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး တာဝန်ရှိသူ သက်ဆိုင်ရာဌာနများအားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ရန်ကုန်-မအူပင်သွား ကားလမ်းဘေးဝဲယာတစ်လျှောက် ရေများမြောင်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများက စနစ်တကျဖြင့် ရှင်းလင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေထွက်လမ်းကြောင်းများ ကောင်းမွန်နေမှသာ ရေကြီးရေလျှံမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ကားလမ်းတစ်လျှောက် ရေကျော်သည့်နေရာများ၌ လမ်းသားမြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ညောင်တုန်းကျွန်းတာ တာကိုယ်ထည်ရေတိုက်စားမှုဖြစ်ပွားခဲ့မှုအပေါ် ယာယီကာကွယ်နိုင်ရေးအတွက် တာခြေတွင် တုတ်တန်းရိုက် သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့်တာခြေထောက်ခြင်း၊ မူရင်းတာ 2nd Bund Slope အခြေသဲအိတ်ထောက်ခြင်း၊ ယာယီပန်းတာတည်ဆောက်ခြင်း၊ ကမ်းရင်းတာ Bund Slope တည်ဆောက်ခြင်းနှင့် ယာယီ ပန်းတာ၏ အရှေ့ဘက်ဆင်ခြေလျှော တိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တာဘောင်ပြုပြင်ရာတွင် လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တာဘောင်ပြုပြင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar