Eleven Media Group

ယုံကြည်စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်  ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြောကြား

ယုံကြည်စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ် တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားသည်။

ယနေ့ (ဩဂုတ် ၂၉ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅)၌ ကျင်းပသည့် Cyber Security Awareness Video Competition - 2026 (University Level) ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ချိတ်ဆက်မှုရှိပြီး အားလုံးပါဝင်နိုင်သော ဆန်းသစ်တီထွင်မှုကို အားပေးသည့် လုံခြုံစိတ်ချရပြီး ယုံကြည် စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ် တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်မှုသည် သီးခြားစီ မဟုတ်တော့ဘဲ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေသည့် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအင်အားများ ဖြစ်လာခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က မြန်မာနိုင်ငံအနေနှင့် ဒီဂျစ်တယ်နည်းပညာ၏ အကျိုးကျေးဇူးများကို စီးပွါးရေးနှင့်လူမှုရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ထိထိရောက်ရောက် အသုံးချနိုင်ရေးကို အရေးကြီးသည့် ဦးစားပေးကဏ္ဍတစ်ခုအဖြစ် ရှုမြင်ကြောင်း၊ ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးဆိုသည်မှာ နည်းပညာအသစ်များကို အသုံးပြုနိုင်ရုံမျှ မဟုတ်ဘဲ ပြည်သူများ၊ စီးပွါးရေးလုပ်ငန်းများနှင့် အစိုးရတိုအကြား ဒီဂျစ်တယ်ချိတ်ဆက်မှုများ ပိုမိုကောင်းမွန်လာပြီး ရေရှည်တည်တံ့သည့် ဒီဂျစ်တယ် စီးပွါးရေးနှင့် လူမှုအဖွဲအစည်းတစ်ရပ် တည်ဆောက်နိုင်စေရန် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ဒီဂျစ်တယ်နည်းပညာကို နည်းပညာအသုံးချမှု တစ်ခုအဖြစ်သာ မမြင်ဘဲ စီးပွားရေးတိုးတက်မှု၊ ပြည်သူ့ဝန်ဆောင်မှု ကောင်းမွန်မှု၊ လူမှုဘဝတိုးတက်မှုနှင့် ဒေသတွင်ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ပေးနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုတစ်ရပ်အဖြစ် အသုံးချသွားရန်လည်း ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ပြောကြားသည်။

ထို့နောက် Cyber Security Awareness Video Competition - 2026 (University Level) တွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် Myanmar Cyber Security Challenge - 2026 ပြိုင်ပွဲကို နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) တွင် ဆက်လက်ကျင်းပခဲ့ပြီး တက္ကသိုလ် (၁၁)ခုမှ ကျောင်းသား/ကျောင်းသူ (၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်ဇင်အောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေကို ရှင်းလင်းပြောကြားခဲ့ပြီး Myanmar Cyber Security Challenge - 2026 ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

Myanmar Cyber Security Challenge - 2026 ပြိုင်ပွဲတွင် ပထမဆု ကို TiNiNi အသင်း ၊ ဒုတိယဆုကို Z4_N@7_K4 အသင်းနှင့် တတိယဆုကို မဟော်သဓာ အသင်းတို့က ရရှိခဲ့သည်။

Myanmar Cyber Security Challenge - 2026 ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် Myanmar Cyber Security Challenge - 2026 ပြိုင်ပွဲအား ပံ့ပိုးကူညီပေးကြသူများနှင့် အကဲဖြတ်ဒိုင်များအား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group