Eleven Media Group

နီပေါရေဘေးတွင် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများသည် မိုင် ၂၅၀ ကျော်ဝေးသည့်နေရာနှင့် အိန္ဒိယအထိ မျောပါ

​နီပေါ၌ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် မျှောပါသွားခဲ့သူများ၏ ရုပ်အလောင်းများကို မိုင် ၁၀၀ ကျော်ဝေးသည့် အိန္ဒိယနယ်စပ်တွင် ပြန်လည်တွေ့ရှိနေရပြီး၊ မြန်မြန်ပုပ်ပွလာသောအလောင်းများ၏စိန်ခေါ်မှုများကိုကယ်ဆယ်ရေးအဖွဲ့များရင်ဆိုင်နေရချိန်တွင် ပျောက်ဆုံးနေသူများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

​နီပေါနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်နှင့် ဘီဟာပြည်နယ်တို့တွင် ရေဘေးသင့်ရာ ဒေသမှ မိုင် ၁၀၀ ကျော် ကွာဝေးသည့် ရုပ်အလောင်း ၈ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

​ထို့အပြင် ဩဂုတ် ၂၆ ရက် နံနက်ပိုင်း က ပေ ၇၀ အမြင့်ရှိ ရေခဲ၊ ရွှံ့နွံနှင့် ရေလှိုင်းကြီးများ ရိုက်ခတ်ခဲ့သည့် ရက်ဆူဝါခရိုင်မှ မိုင် ၂၅၀ ခန့် ဝေးသော နီပေါနိုင်ငံတွင်းရှိ လုမ္ဗိနီပြည်နယ်၌လည်း အခြားရုပ်အလောင်း တစ်လောင်းကို ထပ်မံဆယ်ယူရရှိခဲ့သည်။

​ဥတ္တာပရာဒေးရှ်ပြည်နယ်၊ မဟာရာဂျ်ဂန့်ဂျ်ခရိုင်ရှိ မြစ်အတွင်းမှ ရုပ်အလောင်းလေး လောင်းကို ဆယ်ယူရရှိခဲ့ပြီး အဆိုပါအလောင်းများမှာ ဆိုဆိုးရွားရွား ပုပ်ပွနေပြီဖြစ်၍ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ခရိုင်ဆေးရုံ၏ရင်ခွဲရုံ၌ ထားရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

​"ဒီကိစ္စနဲ့ ပတ်သက်လို့ နီပေါအစိုးရအဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်" ဟု အဆိုပါခရိုင်မှ အုပ်ချုပ်ရေးမှူး ဂေါရဗ်ဆင်းဆိုးဂါဝါလ်က ပြောသည်။ ဒေသတွင်း၌ ရေမှတ်မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် ရေကြီးရေလျှံမှု အန္တရာယ် လျော့ပါးသွားပြီဟု သူက ဆက်လက်ပြောကြားသည်။

​အလားတူ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိဂန်ဒတ်မြစ်အတွင်းမှ ရုပ်အလောင်းသုံး လောင်းနှင့် ဘီဟာပြည်နယ် ဗာလ်မီကီနာဂါဆည် အနီးရှိ အဆိုပါမြစ်အတွင်းမှ ရုပ်အလောင်းတစ်လောင်း ထပ်မံဆယ်ယူရရှိခဲ့သည်။

​သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် ပြန်လည်တွေ့ရှိရသည့်ရုပ်အလောင်း အများစုမှာ မည်သူမည်ဝါဖြစ်ကြောင်း မမှတ်မိနိုင်လောက်အောင် ပုပ်ပွနေပြီဟု အာဏာပိုင်များက ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ကူးစက်ရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်ရသည့်အတွက် တရားဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းများ ပြီးစီးပါက အမြန်ဆုံး သင်္ဂြိုဟ်သွားမည်ဟု သိရသည်။

Ref: Independent
AFP photos

မူရင်းသတင်း — Eleven Media Group