Eleven Media Group

MFF Futsal League(1) 2025-2026 တွင် ကစားနေသည့် Gold Dream FC အသင်းမှ ကစားသမားနှစ်ဦး ဆယ်ရက်ကြာ ပျောက်ဆုံးလျှက်ရှိ

MFF Futsal League(1) 2025-2026 တွင် ကစားနေသည့် Gold Dream FC အသင်းမှ ကစားသမားနှစ်ဦး ဆယ်ရက်ကြာ ပျောက်ဆုံးလျှက်ရှိကြောင်း အသင်း၏ Facebook Page မှာ ထုတ်ပြန်ထားသည်။

Gold Dream FC အသင်း၏ တာဝန်ရှိသူတစ်ဦးက "အသင်းက ကစားသမားနှစ်ယောက် ပျောက်ဆုံးနေတာ ဆယ်ရက်ရှိပါပြီ။တာဝန်ရှိသူတွေနဲ့ အကုန် အတက်နိုင်ဆုံ လိုက်ရှာဖွေနေပါတယ်"ဟု Eleven Media သို့ ပြောကြားခဲ့သည်။

Gold Dream FC အသင်း၏ ထုတ်ပြန်မှုတွင် "ကျွန်တော်တို့ Gold Dream FC အသင်းမှ MFF Futsal League(1) 2025-2026 တွင် ကစားလျက်ရှိသော ကျောနံ​ပါတ်(17) သီဟအောင်( အသက် ၂၁ နှစ်) နှင့် လက်ရှိကျင်းပလျက်ရှိသော MFF U19 Youth Futsal League 2026 တွင် ကစားနေသည့် ကျောနံပါတ်(11) စွမ်းထက်ကျော်( အသက် ၁၈ နှစ်) တို့ နှစ်ဦးမှာ ပျောက်ဆုံး​​နေပြီး ယခုထိတိုင် အဆက်အသွယ်မရရှိသေးပါ။ သြဂုတ်လ ၁၉ ရက် နေ့လယ် ၃ နာရီတွင် စွမ်းထက်ကျော်သည် Royal Noka FC အသင်းနဲ့ ယှဉ်ပြိုင်ကစားပီး သုဝဏ္ဏဘောလုံးကွင်းမှ သီဟအောင် နှင့်အတူပြန်ကာ မြောက်ဒဂုံ ၅၀ ကွေ့ရောက်သည်အထိ အဆက်အသွယ်ရရှိခဲ့ပါသည်။ ထိုနောက်ပိုင်းမှစ၍ ကစားသမားနှစ်ဦးလုံးနှင့် ယနေ့အချိန်အထိ အဆက်အသွယ်မရတော့သည်မှာ ဆယ်ရက်တိုင်တိုင်ရှိနေပါသည်"ဟု ဖော်ပြထားသည်။
အသင်းဘက်ကနေလဲ အစွမ်းကုန်​ကြိုးစားရှာဖွေလျက်ရှိပြီး သက်ဆိုင်ရာရဲစခန်းတွင်လဲ လူပျောက်အမှုဖွင့်တိုင်ကြားသလို MFF မှ တာဝန်ရှိလူကြီးများကလဲ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်မှုတွင်ဖော်ပြထားသည်။

ကစားသမားနှစ်ဦးအား မည်သည့်နေရာမဆို တွေ့ရှိသူ (သို့) ၄င်းတို့နှင့်ပက်သက်သောသတင်းအချက်အလက်များ ကြားသိခဲ့ပါက အသင်းအား အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group