
နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ သြဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကန်ရေပြည့်အမှတ်သို့ ရောက်ရှိနေပြီး ယခုသြဂုတ်လအတွင်း ဒုတိယအကြိမ်အဖြစ် ကန်ရေပြည့်အမှတ်သို့ ပြန်လည်ရောက်ရှိ လာ ခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ ပေါင်းလောင်းတမံမှာ ကန်ရေပြည့်မှတ် ၁၉၀ မီတာ/၆၂၃.၃၉ ပေသို့ သြဂုတ် ၃၀ ရက် နံနက် ၆ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ရေပိုမိုသိုလှောင်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန်နှင့် တမံအောက်ပိုင်း ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ရေပိုလွှဲတွင် HED ရေတံခါးရွက် ၂၀ ချပ်အား ထောင်ထား ပါသဖြင့် ရေပိုလွှဲမှ ရေကျော်ခြင်းမရှိပါကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင်တမံ၏ ဝင်ရေအခြေအနေပေါ်မူတည်၍ ရေပိုလွှဲမှ ရေကျော်ပါကလည်း အချိန်နှင့် တပြေးညီ တင်ပြပေးသွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေ းထားသည်။
၎င်း၏ထုတ်ပြန်ချက်များအရ ပေါင်းလောင်းတမံမှာ ယခုလ သြဂုတ် ၁၇ ရက်နေ့ ညနေပိုင်းကလည်း တမံ၏ ကန်ရေပြည့်အမှတ်သို့ ယခုမိုးကာလအတွင်း ပထမဆုံးအကြိမ်ရောက်ရှိခဲ့ကာ နောက်ရက်များတွင် ကန်ရေပြည့်အမှတ်မှာ တစ်ပေဝန်းကျင်ခန့်အထိ ပြန်လည်ကျဆင်းသွားခဲ့သော်လည်း သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ် ကန်ရေပြည့်အမှတ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ပေါင်းလောင်းမြစ်၏အောက်ဘက် စစ်တောင်းမြစ်ဖြတ်သန်းစီးဆင်းရာ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊ မဒေါက်မြို့၏ စစ်တောင်းမြစ်ရေမှာ မိုးဇလ၏ သြဂုတ် ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၁၅၄ စင်တီမီတာ(၂ ပေ ၉ လက်မခန့် ကျော်လွန်)သို့ ရောက်ရှိနေခဲ့ကြောင်း သိရသည်။
အဆိုပါမြစ်ရေမှာ နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ (၂လက်မ)ခန့် ထပ်မံ မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းနှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် မိုးဇလ ဦးစီးဌာနမှ သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)