
လေးမျက်နှာမြို့၌ လူနေရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်သော်လည်း မြို့လယ်လမ်းတစ်လျှောက် ရေသိသိသာသာကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။
“ဝါခေါင်ရေကို ကျွန်တော်တို့သတိထားစောင့်ကြည့်နေတာ။ လေးမျက်နှာမှာ ရေခံက ကျနေတော့တော်သေးတယ်။ လမ်းပေါ်မှာလည်းရေကျနေပြီ။ ကားတွေ မြို့ထဲထိဝင်လို့ရပါပြီ။ လူနေရပ်ကွက်တွေတော့ မြုပ်နေတုန်းပဲ။ ရေအရင်းအမြစ်တွေလည်း မြုပ်နေတုန်းဆိုတော့ သောက်သုံးရေသန့်ထောက်ဖို့ ကျွန်တော်တို့စီစဉ်နေပါတယ်။ ထိထိရောက်ရောက်ဖြစ်နိုင်ဖို့ ရွေ့လျားသောက်သုံးရေသန့်စက်ရှိတဲ့အဖွဲ့တွေနဲ့ ပေါင်းစပ်ကူညီနိုင်ဖို့ တိုင်ပင်ထားပါတယ်။ ဒီရက်ထဲမှာပဲ စမှာပါ။ ဒီနေ့ကတော့ စားသောက်ကုန်တစ်ဖြတ်လာထောက်တာပါ။ ရေဘေးသင့်မြို့နယ်တွေမှာ ကျွန်တော်တို့ကူညီလျက်ရှိပါတယ်။ ကျွန်တော်တို့ဆီကကူညီရေးယာဉ်တွေမှာ အောက်ပိုင်းမြင့်တဲ့ကားရှားတယ်။ ရေကျော်နေရာ၊ လမ်းကြမ်းနေရာတွေမှာအတော်အခက်တွေ့ရတယ်။ ရေကျတဲ့နေရာတွေမှာ လမ်းတွေအတော်ပျက်စီးတယ်။ ကူညီမှုတွေ အဆင်ပြေအောင် အောက်ပိုင်းမြင့်ကားတစ်စီးအမြန်ဆုံးဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ကားအတွက် လိုအပ်တဲ့ငွေပမာဏပြည့်မှီနိုင်ဖို့ လိုဖြည့်အလှူရှင်ပဲလိုပါတော့တယ်။
အမြန်ဆုံးအလှူရှင်ပေါ်ပေါက်ဖို့ မျှော်လင့်ပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် သောက်သုံးရေကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍ ဒီနှစ်ခုကို ကျွန်တော်တို့ပံ့ပိုးဆောင်ရွက်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ထိထိရောက်ရောက်ကူညီနိုင်ဖို့ဆိုရင် အလှူရှင်တွေအနေနဲ့ ရေဘေးအစချိန်တုန်းကလို ကိုယ်ပံ့ပိုးချင်တာလာရောက် လှူဒါန်းကြတာမျိုးထက် ဒေသက ကူညီရေးအဖွဲ့
အစည်းတွေနဲ့ပေါင်းစပ်ပြီး လိုအပ်ချက်ကို စနစ်တကျပံ့ပိုးဖြည့်ဆည်းပေးခြင်းက ပိုမိုထိရောက်နိုင်မယ်လို့ အကြံပြုလိုပါတယ်”ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဖြေကြားသည်။
လေးမျက်နှာ တာကျိုးပေါက်အား အမြန်ဆုံးပိတ်နိုင်ရေးအတွက်လည်း အစိုးရဌာနများမှ ပေါင်းစပ်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
အောင်ကျော်မျိုး