
ဩဂုတ် - ၃၀ ( တနင်္ဂနွေနေ့ )
ထရီလီယံနာကြီး အီလွန်မက်စ် က သူတို့ဝယ်ယူထားတဲ့ ကာဆာကုတ်ဒင်းပလက်ဖောင်း ကနေ အိုးပင်းအေအိုင် ရဲ့ အေအိုင်မော်ဒယ်လ်တွေကို ပိတ်ပင်ရုပ်သိမ်းသွားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အိုးပင်းအေအိုင် ရဲ့ အကြီးအကဲတွေကို "လုံးဝ စိတ်မချရတဲ့ ကောင်စုတ်တွေ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်ဆဲဆိုလိုက်ပါတယ်။
အီလွန်မက်စ်ဟာ ၂၀၁၅ ခုနှစ်မှာ အိုးပင်းအေအိုင် ရဲ့ လက်ရှိ အမှုဆောင် အရာရှိချုပ်(စီအီးအို) ဆမ်အာ့တ်မန်း၊ ဥက္ကဋ္ဌ ဂရက်ဂ်ဘရော့ခ်မန်း အပါအဝင် တခြား ဖန်တီးရေးသမားတွေ၊ သုတေသီတွေနဲ့အတူ အိုးပင်းအေအိုင် ကို ပူးတွဲတည်ထောင်ခဲ့တာပါ။ ဒါပေမဲ့ ၃ နှစ်အကြာမှာတော့ ကုမ္ပဏီ သွားနေတဲ့ လမ်းကြောင်းကို မကြိုက်လို့ နှုတ်ထွက်ခဲ့ပြီး အဲဒီအချိန်ကတည်းက လက်ရှိခေါင်းဆောင်ပိုင်းတွေနဲ့ အများပြည်သူရှေ့မှာရော တရားရင်ပြင်မှာပါ အတောမသတ်နိုင်တဲ့ ပဋိပက္ခတွေ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။
ဒီလဆန်းပိုင်းမှာပဲ မက်စ်ရဲ့ စပေ့အိတ်စ် ဟာ အေအိုင်ကုမ္ပဏီအများအပြားရဲ့ မော်ဒယ်လ်တွေကို သုံးနိုင်အောင် လုပ်ပေးထားတဲ့ ကာဆာကုတ်ဒင်း ကို ဖန်တီးခဲ့တဲ့ အန်နီးစပီးယားကုမ္ပဏီကို ဒေါ်လာ ၆၀ ဘီလီယံနဲ့ အပြီးသတ် ဝယ်ယူခဲ့တာပါ။
အဲဒီနောက် ပြီးခဲ့တဲ့ သောကြာနေ့မှာ အိုးပင်း ဘက်က ကာဆာ အသုံးပြုသူတွေ သူတို့ရဲ့ မော်ဒယ်လ်တွေကို အသုံးပြုခွင့်ကို လာမယ့် နိုဝင်ဘာ ၁၂ ရက်မှာ စတင်ပိတ်သိမ်းမယ်လို့ ရုတ်တရက် ကြေညာခဲ့ပါတယ်။ အိုးပင်းအေအိုင် ရဲ့ အဆိုအရ "အီလွန်မက်စ်ရဲ့ ကုမ္ပဏီတွေဟာ ကတိကဝတ် စာချုပ်တွေကို ချိုးဖောက်ခဲ့တဲ့ အတွေ့အကြုံတွေရှိတာကြောင့် စပေ့အိတ်စ် ဟာ သူတို့ရဲ့ နည်းပညာကို သဘောတူညီချက် စည်းမျဉ်းတွေအတိုင်း သုံးစွဲပါ့မလားဆိုတာ မသေချာဘူး" လို့ ပြောခဲ့ပါတယ်။
"ကျနော် ဘာမှ စိတ်မဝင်စားဘူး။ ဆမ်အာ့တ်မန်း နဲ့ ဂရက်ဂ်ဘရော့ခ်မန်း တို့ဟာ ပွင့်လင်းမြင်သာတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုကို ခိုးယူသွားကြတဲ့ လုံးဝ စိတ်မချရတဲ့ ကောင်စုတ်တွေပဲ" လို့ မက်စ်က စနေနေ့မှာ သူ့ရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
ကာဆာ ပူးတွဲတည်ထောင်သူ မိုက်ကယ်ထရူးအဲလ် ရဲ့ ပြောကြားချက်အရ အိုးပင်းအေအိုင် ရဲ့ မော်ဒယ်လ်တွေဟာ ကာဆာ ရဲ့ သုံးစွဲသူ အသွားအလာ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပြီး ဒီအငြင်းပွားမှုကို ဖြေရှင်းဖို့ အိုးပင်းအေအိုင် နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကာဆာ ဟာ အိုးပင်းအေအိုင် ရဲ့ အစောဆုံး ဖောက်သည်တွေထဲက တစ်ခုဖြစ်ခဲ့ပြီး သူတို့ရဲ့ စီးပွားရေးအတွက် အိုးပင်းအေအိုင် ရဲ့ ပလက်ဖောင်းဟာ "ဘက်မလိုက်တဲ့ အခြေခံအဆောက်အအုံ" အဖြစ် ဆက်လက်ရှိနေလိမ့်မယ်လို့ ယုံကြည်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အိုးပင်းအေအိုင် ဘက်ကတော့ ကာဆာ ရဲ့ ပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှု ပြောင်းလဲသွားပြီးတဲ့နောက် သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်း စာချုပ်ကို ဖျက်သိမ်းခွင့်ပြုတဲ့ သဘောတူညီချက် စည်းမျဉ်း ပါရှိတယ်လို့ ပြောပါတယ်။
REF: RT
#News #Myanmar