Myanmar National Post

မရမ်းကုန်းမြို့နယ်၌ Taxi ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ လုယက်မှု ကျူးလွန်ခဲ့သူ အမျိုးသား သုံးဦးနှင့် ထန်းတပင်မြို့နယ်၌ ဓားဖြင့် ထိုးခုတ်၍ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သူ အမျိုးသား နှစ်ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ




၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ ဗိုလ်ချုပ်ရပ်ကွက်နေ ဦးစိန်မြင့်ဦး(၅၁)နှစ်သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အနော်ရထာလမ်းမကြီးရှိ Gas ဆိုင်အနီး၌ ၎င်းမောင်းနှင်သည့် Taxi မော်တော်ယာဉ်အား အမျိုးသား သုံးဦးမှ ဘုရင့်နောင်ကားကြီးဝင်းသို့ သွားရောက်လိုကြောင်း ပြောဆိုငှားရမ်းခဲ့သဖြင့် လိုက်ပါပို့ဆောင်ခဲ့ရာ ဘုရင့်နောင်ပွဲရုံဝင်း၊ စိန်ပန်းလမ်း၊ အမှတ်(ဆ/၁၈)၊ “ဗန္ဓုလ”လက်ဖက်ခြောက် ရောင်းဝယ်ရေးပွဲရုံရှေ့အရောက်၌ အဆိုပါအမျိုးသား သုံးဦးမှ ဓားမြှောင်ဖြင့် ထိုးကာ ငွေကျပ် တစ်သိန်းနှင့် Vivo အမျိုးအစား ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဘုရင့်နောင်နယ်မြေရဲစခန်း၌ (ပ)၁၈၆/၂၀၂၆၊  ရာဇ သတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် လုယက်မှုကျူးလွန်ခဲ့သူများဖြစ်ကြသည့် ထန်းတပင်မြို့နယ်၊ ရိုးကြီး ကျေးရွာနေ သန်းစိုးဦး(ခ)တက်တူး(၃၅)နှစ်အား လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် Vivo အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ၎င်း၏နေအိမ်၌လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်နေ မောင်မောင်ကြည်(၄၃)နှစ်နှင့် ရဲဝင်း(ခ)ကျော်စွာဝင်း(၄၃)နှစ်တို့ နှစ်ဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး၊ အသွား ၁၀ လက်မခန့်ရှိ ဓားမြှောင် တစ်ချောင်း၊ အစိမ်း/အဖြူရောင် ပြောက်ကြားအင်္ကျီလက်ရှည် တစ်ထည်၊ အညိုရောင် ဂျင်းဂျာကင်အင်္ကျီ တစ်ထည် တို့နှင့်အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ၎င်းတို့၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

အလားတူ ဩဂုတ် ၂၇ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အစုလေးကျေးရွာနေ ဦးအောင်မျိုးနိုင်(၃၈)နှစ်သည် ၎င်း၏နေအိမ်မှ ထန်းတပင်မြို့နယ်၊ ပန်တောကျေးရွာသို့ ၎င်းပိုင် တရုတ်နိုင်ငံထုတ် Wave 110၊ NIFAN အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပန်းတောကျေးရွာထိပ်အရောက်၌  လားရာတူအနောက်မှ LUOJIA 110 အမျိုးအစား ခဲရောင် ဆိုင်ကယ်ဖြင့် အမျိုးသား နှစ်ဦး၊ FELLING 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဖြင့် အမျိုးသား သုံးဦးတို့မှ မောင်းနှင်လိုက်ပါလာပြီး ဆိုင်ကယ်ရှေ့မှ လမ်းပိတ်ဆို့ရပ်တန့်ခိုင်းကာ ဓားဖြင့် ထိုးခုတ်၍ ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့သဖြင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၇ ရက် ညပိုင်းတွင် လုယက်မှုကျူးလွန်သူ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာနေ ချစ်ကိုကို(၂၃)နှစ်အား လုယက်သွားခဲ့သည့် တရုတ်နိုင်ငံထုတ် Wave 110၊ NIFAN အမျိုးအစား အနက်ရောင် ဆိုင်ကယ်နှင့်အတူ မင်္ဂလာကုန်းကျေးရွာအနီး၌ လည်းကောင်း၊ လုယက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ရိုးကြီးကျေးရွာနေ မျိုးကျော်ကျော်(၃၃)နှစ်အား လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် LUOJIA 110 အမျိုးအစား ခဲရောင် ဆိုင်ကယ်နှင့်အတူ အလိန်လည် ကျေးရွာအနီး၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံ ချစ်ကိုကိုနှင့် မျိုးကျော်ကျော်တို့၏ထွက်ဆိုချက်အရ ၎င်းတို့နှင့်အတူ လုယက်မှုကျူးလွန်ခဲ့သူများမှာ ထန်းတပင် မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ ဦးကိုကောက်(၃၈)နှစ်၊ ကိုတင်ဇာဝင်း(ခ)ဝတုတ်(၂၇)နှစ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ဦးသန်းတိုးအောင်(၃၅)နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဖြစ်စဉ်များတွင် Taxi မော်တော်ယာဉ်အား ငှားရမ်းကာ ယာဉ်မောင်းဖြစ်သူအား ဓားဖြင့် ထိုး၍ လုယက်မှု ကျူးလွန်ခဲ့သူ တရားခံများဖြစ်ကြသည့် သန်းစိုးဦး(ခ)တက်တူး၊ မောင်မောင်ကြည်၊ ရဲဝင်း(ခ)ကျော်စွာဝင်းတို့ သုံးဦးနှင့် ဆိုင်ကယ်အား လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ချစ်ကိုကိုနှင့် မျိုးကျော်ကျော်တို့ နှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရန် ကျန်တရားခံ ကိုကောက်၊ တင်ဇာဝင်း(ခ)ဝတုတ်၊ သန်းတိုးအောင်တို့ သုံးဦးအား ထပ်မံ ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post