Eleven Media Group

■ အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်စာတင်ထားသည်ဟု အိမ်ဖြူတော် အတည်ပြု

ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်နှင့် တင်းမာမှုများရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ်သည် နုတ်ထွက်စာတင်ထားသည်ဟု ဩဂုတ် ၃၁ ရက်တွင် အိမ်ဖြူတော်က အတည်ပြုခဲ့သည်။

ဒရစ်စကိုးလ် နုတ်ထွက်သွားပြီဟု ဝေါစထရိဂျာနယ်သတင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ အိမ်ဖြူတော် ဒုတိယပြန်ကြားရေးဝန်ကြီး အန်နာကယ်လီက ထိုသတင်းကို ငြင်းဆန်ခြင်းမပြုခဲ့ပေ။

"ဒရစ်စကိုးလ်ဟာ သမ္မတထရမ့်ရဲ့ Make America Strong Again ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ရာမှာ ကြည်းတပ်ဝန်ကြီးဌာနမှာ အလွန်ပဲ ထိထိမိမိဆောင်ရွက်ခဲ့ပါတယ်"ဟု ကယ်လီက ပြောကြားခဲ့သည်။

သူက အမေရိကန်စစ်ဆင်ရေးများအတွင်းမှ ဒရစ်စကိုးလ်၏ ထူးချွန်သော ခေါင်းဆောင်မှုကို ချီးကျူးပြောကြားခဲ့ပြီး အသင့်ဖြစ်မှုနှင့် တိကျမှုရှိ‌အောင် ပြန်လည်ဖော်ဆောင်ပေးသူဖြစ်ပြီး ရုရှားနှင့် ယူကရိန်းတို့၏ ဆွေးနွေးပွဲများသာမက အခြား ဆွေးနွေးပွဲများကိုလည်း အထောက်အကူပြုပေးခဲ့သည်ဟု ဆိုသည်။

"အမေရိကန်စစ်တပ်ဟာ စစ်သေနာပတိ၊ စစ်ဘက်ရေးရာဝန်ကြီးတို့နဲ့အတူ သူ့ရဲ့ စွမ်းဆောင်မှုတို့ကြောင့် အရင်ကထက် အင်အားပိုမိုကြီးမားလာပါတယ်"ဟု ကယ်လီက ဖြည့်စွက်ပြောကြားခဲ့သည်။

နုတ်ထွက်စာကို လက်ခံလိုက်မည်ဆိုပါက ဒရစ်စကိုးလ်၏နုတ်ထွက်မှုသည် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် အကြီးတန်းစစ်ဖက်ခေါင်းဆောင်တစ်ဦး၏ နောက်ဆုံးထွက်မှုဖြစ်လာမည်ဖြစ်သည်။

Ref: AFP
photos: AFP

မူရင်းသတင်း — Eleven Media Group