Eleven Media Group

■ အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ အချိန်မရွေးဖြစ်လာနိုင်‌ကြောင်း တောင်ကိုရီးယား ပြောကြား

အမေရိကန်နှင့် မြောက်ကိုရီးယားကြား ထိပ်သီးအစည်းအဝေးတစ်ခုသည် မည်သည့်အချိန်တွင်မဆို ဖြစ်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံကြား ဆွေးနွေးမှုပြုလုပ်နေသည့် လက္ခဏာများ ထွက်ပေါ်လာကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ သတင်းပို့ချက်ကို ကိုးကားပြီး လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံရန် အကြံပြုထားသော်လည်း မြောက်ကိုရီးယားဘက်မှ လူသိရှင်ကြား အကြောင်းမပြန်သေးပေ။

"မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး ဘယ်အချိန်မဆို ဖြစ်လာနိုင်တယ်လို့ ရှုမြင်ရမယ်ဆိုတဲ့ သုံးသပ်ချက်ရှိပါတယ်" ဟု တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ ရှင်းလင်းတင်ပြချက်ကို ကိုးကားပြီး လွှတ်တော်အမတ် ယွန်းကွန်းယောင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

"နှစ်ဖက်ကြား ခိုင်မာတဲ့ ထိတွေ့ဆက်သွယ်မှုဆိုင်ရာ အချက်အလက်တွေကို တင်ပြထားတာ မရှိသေးပေမဲ့ ဆွေးနွေးမှုဆိုင်ရာ လက္ခဏာတွေတော့ တွေ့မြင်နေရပါတယ်" ဟု အဆိုပါ လွှတ်တော်အမတ်က ထပ်လောင်းပြောဆိုခဲ့သည်။

‌မြောက်ကိုရီးယားကမူ စက်တင်ဘာ ၇ ရက်တွင် စတင်ရန် စီစဉ်ထားသည့် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကြား ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုများ ‌‌ဒေါသတကြီး ‌ဝေဖန်ခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group