Eleven Media Group

■ Times Square ဓားထိုးမှုအတွင်း လူတစ်ဦးသေဆုံးပြီး တိုက်ခိုက်သူအမျိုးသမီးလည်း ပစ်ခတ်ခံရပြီး သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ နာမည်ကျော် Times Square တွင် ဩဂုတ် ၃၁ ရက်က အမျိုးသမီးတစ်ဦးက လူနှစ်ဦးကို အကြောင်းမဲ့ ဓားဖြင့်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်သူအမျိုးသမီးမှာလည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

အသက် ၄၉ နှစ်အရွယ် Queens မြို့ခံ အမျိုးသမီးသည် ဈေးဝယ်အိတ်အတွင်းမှ ဓားနှစ်ချောင်းကို ထုတ်ကာ မြေအောက်ရထားဘူတာမှ ထွက်လာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်ကို ထိုးခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ဝမ်းဗိုက်နေရာသို့ပင် ထပ်မံထိုးခဲ့သည်။

ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အမျိုးသမီးက သေဆုံးခဲ့ပြီး လူနာအမျိုးသားက အခြေအနေတည်ငြိမ်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဓားထိုးခံရသူနှစ်ဦးသည် ခရီးသွားများဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ဓားကိုချရန် အမျိုးသမီးကို ရဲများက မိနစ်အတော်ကြာ ဖျောင်းဖျခဲ့သော်လည်း ၎င်းက ငြင်းဆန်သည့်အပြင် ရဲများကိုပါ သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် လျှပ်စစ်ရှော့ခ်တိုက်သေနတ်ဖြင့် ၎င်းကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ရာ မအောင်မြင်ပြန်ဘဲ အမျိုးသမီးက ဓားများကို ဝှေ့ယမ်းကာ ရှေ့ဆက်တိုးလာသဖြင့် ရဲနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်လိုက်သည်။

ထိုအမျိုးသမီးသည် နယူးယောက်ရဲတပ်ဖွဲ့တွင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များက စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်မှတ်တမ်းများ ရှိထားပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် မှတ်တမ်းမရှိဟု သိရသည်။

Ref: AP

မူရင်းသတင်း — Eleven Media Group