
နီပေါနိုင်ငံ Trishuli တောင်ကြားဒေသအတွင်းသို့ ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး နေအိမ်များ၊ တံတားများနှင့် ကျေးရွာများကို ဖျက်ဆီးပစ်နေကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရေးကြီးသုတ်ပြာ သတိလာပေးသည့်အချိန်တွင် ကျောင်းအုပ်ဆရာကြီး ရာဂျန်ဒရာ ဒဝါဒီသည် ၎င်း၏ စာသင်ခန်းအတွင်း၌ ရှိနေခဲ့သည်။
ထို့နောက် ဆရာတစ်ဦးထံသို့ ဖုန်းဖြင့် သတိပေးချက် ထပ်မံရောက်ရှိလာခဲ့သည်။ မိနစ်ပိုင်းအကြာတွင် ကျောင်းသားမိဘတစ်ဦးသည် ၎င်း၏ကလေးကို အိမ်သို့ပြန်ခေါ်ရန် ရောက်ရှိလာခဲ့သည်။
ဘေးအန္တရာယ်ဖြစ်ပွားမှုကို အတည်မပြုနိုင်သေးသော်လည်း ကျောင်းအုပ်ကြီးဖြစ်သူ ဒါဝါဒီအတွက် ဆုံးဖြတ်ချက်ချရန် အချိန်မရှိခဲ့ပေ။
သူသည် ကျောင်းခေါင်းလောင်းကို တီးကာ ကျောင်းသားများနှင့် ဝန်ထမ်းများကို အဆောက်အအုံပြင်ပနှင့် မြင့်မားသော ကုန်းမြင့်များဆီသို့ ထွက်ခွာကြရန် မှာကြားခဲ့သည်။
"ကျွန်တော် ကျောင်းကို ချက်ချင်းပိတ်ပြီး ကလေးတွေကို အပြင်ထုတ်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်" ဟု ၎င်းက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဒါဝါဒီသည် ကလေးများ၏နောက်မှ နီးစပ်ရာ တောင်ကုန်းပေါ်သို့ လိုက်ပါသွားစဉ် အရှိန်အဟုန်ပြင်းသည့်ရေလှိုင်းများသည် ရောက်ရှိလာခဲ့သည်။
ထိုရေလှိုင်းများနှင့်အတူ ရွံ့များ၊ ကျောက်တုံးများနှင့် အမှိုက်သရိုက်များသည် သူကိုယ်တိုင် ကျောင်းသားအဖြစ် တက်ရောက်ခဲ့ဖူးပြီး ဆရာအဖြစ် နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့သည့် စာသင်ကျောင်းကြီးကို ဝါးမြိုဖျက်ဆီးသွားခဲ့သည့် မြင်ကွင်းကို တောင်ကုန်းပေါ်မှ မြင်တွေ့ခဲ့ရသည်။
ထိုစာသင်ကျောင်း၏ ဝန်ထမ်းနှစ်ဦးမှာမူ လွတ်မြောက်အောင် မပြေးနိုင်ခဲ့ဘဲ ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
ကျောင်းအုပ်ကြီး ဒါဝါဒီ၏ အချိန်မီဆုံးဖြတ်ချက်ကြောင့် ဟိမဝန္တာတောင်တန်းရှိ ရေခဲမြစ် ပြိုကျမှုအပြီး ပြီးခဲ့သည့်သီးတင်းပတ်က နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော ရုတ်တရက် ရေကြီးရေလျှံမှုဘေးအန္တရာယ်အတွင်းမှ ကျောင်းသား အနည်းဆုံး ၉၀၀ ခန့်၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် နီပေါနှင့် တိဘက်ဒေသတို့တွင် လူ ၉၅၀ ကျော် သေဆုံးခဲ့ပြီး ၄၄၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။
နီပေါနိုင်ငံသည် အဆိုပါ ဆိုးရွားလှသော သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရစဉ် ဒါဝါဒီ၏ ဖြစ်ရပ်မှာ ကြိုတင်မြှော်တွေးနိုင်မှုနှင့် ခိုင်မာသည့်စိတ်ပိုင်းဖြတ်မှုတို့အတွက် ထင်ရှားသော နမူနာတစ်ခုဖြစ်ခဲ့သည်။
Tribhuvan Trishuli အလယ်တန်းကျောင်းတွင် ကျောင်းသား ၁၆၄၃ ဦး ရှိသည်။ ထိုနေ့နံနက်ပိုင်းက အနည်းဆုံး ကျောင်းသား ၉၀၀ ခန့် ကျောင်းဝင်းအတွင်း ရောက်ရှိနေပြီး အချို့ကျောင်းသားများမှာ ကျောင်းသို့ လာနေဆဲပင်ရှိသေးသည်။
ဒါဝါဒီသည် ကျောင်းသို့ ရောက်ရှိနေပြီးသား ကျောင်းသားများကို ပြန်လည်ထွက်ခွာရန် ညွှန်ကြားခဲ့ပြီး ဘတ်စ်ကားဒရိုင်ဘာများကိုလည်း ကျောင်းသို့ မလာရန် ဖုန်းဆက်အကြောင်းကြားခဲ့သည်။
ကျောင်းသားများ ပြည့်နှက်နေသည့် ဘတ်စ်ကားတစ်စီးသည် ကျောင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကားဒရိုင်ဘာအား လှည့်ပြန်ခိုင်းခဲ့ကြောင်း ဒါဝါဒီက ပြောကြားခဲ့သည်။ အဆိုပါ ဘတ်စ်ကားသည် အသစ်တည်ဆောက်ထားသော တံတားကို ဖြတ်သန်းသွားခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ထိုတံတားဘေးရှိ တံတားဟောင်းမှာ ပြိုကျသွားခဲ့သည်။
ဒါဝါဒီအတွက်မူ ယခု ပျက်စီးဆုံးရှုံးမှုပမာဏသည် ၎င်း၏ ပုဂ္ဂိုလ်ရေး ထိခိုက်ခံစားရမှုတစ်ခုဖြစ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုကျောင်းသည် သူ့ရုံးခန်းဖြစ်ရုံတင်မကဘဲ သူ့ဘဝ၏ အစိတ်အပိုင်းများဖြစ်သည်။
"ကျွန်တော့်မှာ ပြောစရာ စကားတောင် မရှိတော့ပါဘူး။ ကျွန်တော် ဒီကျောင်းကနေ ပညာသင်ယူခဲ့တယ်။ ပြီးတော့ ဒီကျောင်းမှာပဲ ပညာတွေ ပြန်လည်မျှဝေပေးခဲ့တာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
ဒါဝါဒီ၏ ကျောင်းပျက်စီးသွားမှုသည် တစ်ခုတည်းသောဆုံးရှုံးမှု မဟုတ်ခဲ့ပေ။
နီပေါမြောက်ပိုင်း တစ်ခွင်လုံးတွင် ရေကြီးရေလျှံမှုများကြောင့် ကလေးငယ် ထောင်ပေါင်းများစွာမှာ စာသင်ခန်းများ ဆုံးရှုံးခဲ့ရပြီး ၎င်းတို့၏ပညာရေး ထိခိုက်ခဲ့ရသည့်အပြင် အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် စာသင်ကြားမှုကာလများ လပေါင်းများစွာ ဆုံးရှုံးသွားရမည်ကိုလည်း စိုးရိမ်ပူပန်လျက်ရှိကြသည်။
နီပေါမြောက်ပိုင်းတွင် အနည်းဆုံး စာသင်ကျောင်းပေါင်း ၆၉ ကျောင်း ပျက်စီးခဲ့ပြီး ကျောင်းသားပေါင်း ၁၉,၀၀၀ နီးပါး၏ ပညာရေးမှာ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေကြောင်း Save the Children ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
သဘာဝဘေးအန္တရာယ်အတွင်း ဒါဝါဒီ၏ လျှင်မြန်သော စဉ်းစားတွေးခေါ်မှုနှင့် အချိန်ကိုက် တုံ့ပြန်ဆောင်ရွက်မှုတို့မှာ ရဲရင့်ပြီး သူရဲကောင်းဆန်သည့် လုပ်ရပ်အဖြစ် ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရသည်။
ရက်ပိုင်းအကြာတွင် ကျောင်းပျက်ကြီးရှိရာသို့ သူ ပြန်လည်ရောက်ရှိချိန်၌ ကျောင်းသားမိဘများက ၎င်းတို့၏ ကလေးများကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း ဒါဝါဒီကို ဖက်ကာ ငိုကြွေးခဲ့ကြသည်။
"ကလေးတွေရဲ့ မိဘတွေက ကျွန်တော့်ကို ဖက်ပြီး ငိုကြတယ်။ သူတို့ တကယ်ပဲ စိတ်လှုပ်ရှား ခံစားခဲ့ကြရတာပါ" ဟု ဒါဝါဒီက ပြောကြားခဲ့သည်။
အသက် ၁၄ နှစ်အရွယ် ကျောင်းသူ ဆူဗီနာ တာမန်က ကျောင်းသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး မကြာမီအချိန်အတွင်းမှာပင် ကျောင်းအဆောက်အအုံမှာ ရေစီးနှင့်အတူ ပါသွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
"ကျွန်မရဲ့ မိဘလိုဖြစ်တဲ့ သူ့ကို ပြန်တွေ့တဲ့အခါ ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောသွားမှာပါ" ဟု ဆူဗီနာက ဆိုသည်။
သို့သော် ဒါဝါဒီသည် သူရဲကောင်းအဖြစ် သတ်မှတ်ခံရခြင်းကို လက်မခံဘဲ သူ့အတွက် ကျောင်းသားများကို ကယ်တင်ခြင်းသည် ဆရာတစ်ဦး၏ တာဝန်အဖြစ် ခံယူထားသည်။
ယခုအချိန်တွင် ကျောင်းသားများအတွက် စိတ်ပိုင်းဆိုင်ရာဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများ လိုအပ်မည်ဖြစ်ကြောင်းနှင့် ကျောင်းကို ယာယီရွှေ့ပြောင်းဖွင့်လှစ်ရမည်ဆိုသည့်တိုင် စာသင်ကြားမှုများကို ပြန်လည်စတင်ရမည်ဟု ဒါဝါဒီက ပြောကြားခဲ့သည်။
နီပေါအစိုးရထံ ဒါဝါဒီ၏ တောင်းဆိုချက်မှာ ရိုးရှင်းလှသည်။ သူ့တောင်းဆိုချက်မှာ ကျောင်းများကို ပြန်လည်တည်ဆောက်ပေးရန်နှင့် ကလေးများကို စာသင်ခန်းများအတွင်းသို့ ပြန်လည်ရောက်ရှိစေရန်သာ ဖြစ်သည်။
Ref: AP
Photos- AP/AFP