
ရန်ကုန်-မန္တလေးအမြန်လမ်း၊ ရန်ကုန်မှ နေပြည်တော်သို့ သွားသည့်လမ်းပိုင်း မိုင်တိုင် ၃၂/၅ နှင့် ၃၂/၆ ကြားတွင် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီးက ရုတ်တရက်လမ်းဖြတ်ကူးလာသည့် အမျိုးသမီးတစ်ဦးအား တိုက်မိခဲ့သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် 9Q/----- ဝင်း ခရီးသည်တင်ယာဉ်သည် အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မှ နေပြည်တော်ဘက်သို့ မာင်းနှင်လာစဉ် မိုင်တိုင်မှတ် ၃၂ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားသို့အရောက် အမြန်လမ်းမပေါ် လမ်းဖြတ်ကူးလာသည့် အမျိုးသမီးတစ်ဦးအား တိုက်မိခဲ့ခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ အသိပေးချက်အရ အမြန်လမ်းမကြီး ဥပဒေအရ အမြန်လမ်းပေါ်တွင် လမ်းလျှောက်ခြင်း၊ လမ်းဖြတ်ကူးခြင်း၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီနှင့် သုံးဘီးယာဉ်များ သွားလာခြင်းတို့ကို ခွင့်မပြုထားကြောင်း သိရသည်။
ထို့အပြင် အမြန်လမ်းပေါ်တွင် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့်တိရစ္ဆာန်များ လွှတ်ကျောင်းခြင်းနှင့် ကျွဲနွားလှည်းများ သွားလာခြင်းကိုလည်း လုံးဝခွင့်မပြုထားကြောင်း အသိပေးထားသည်။
အဆိုပါ လူ၊ ယာဉ်၊ လှည်းနှင့် တိရစ္ဆာန်များကြောင့် အမြန်လမ်းပေါ်တွင် မတော်တဆမှုများ ဖြစ်ပွားပါက သက်ဆိုင်ရာ ယာဉ်/လှည်းမောင်းနှင်သူ၊ လမ်းလျှောက်သူ၊ တိရစ္ဆာန်လွှတ်ကျောင်းသူ သို့မဟုတ် တိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။