
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ဓားပြတိုက်ခံရသည်ဟု လိမ်လည်တိုင်ကြားသူ အမျိုးသမီးနှစ်ဦးအား ပုသိမ်ကြီးမြို့နယ်တရားရုံးက အောက်တိုဘာ ၆ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လစီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကုန်းတန်းရပ်ကွက်၊ သိဒ္ဓိအောင်လမ်းရှိ နေအိမ်တွင် အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီခန့်က လုယက်မှုဖြစ်ပွားကြောင်း အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက်အကြောင်းကြားမှုကြောင့်
ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့အစည်းအသီးသီးက စုံစမ်းဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာနေ ဦးစိုးမင်းထွေး၏နေအိမ်၌ ဇနီးဖြစ်သူ မ ... (၂၈ နှစ်) နှင့် အလုပ်သမား ဖြစ်သူ မ.... (၂၁ နှစ်) တို့သည် နေအိမ်၌ရှိနေစဉ် အမည်မသိအမျိုးသားခြောက်ဦးက
သေနတ်အတိုတစ်လက်၊ ဓားအတိုအရှည်များကိုင်ဆောင်၍ မတ်တူးခဲရောင်၊ ဆိုင်ကယ်တစ်စီးတို့ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့က နေအိမ်အတွင်း ဝင်ရောက်၍ မ... အား သိန်း ၁၅၀ ကျပ် ပေးရန်တောင်းဆိုရာ မ ...က မရှိကြောင်းပြောဆိုသဖြင့် နေအိမ်အတွင်း မွှေနှောက်ရှာဖွေ၍ နေအိမ်အိပ်ခန်းအတွင်းရှိ သော့ခတ်ထားသော ဗီရိုကို တူဖြင့်ရိုက်ဖွင့်၍ ကျပ် သိန်း ၁၀၀ နှင့်ဖုန်းနှစ်လုံးကို ယူဆောင်၍ မ... ဝတ်ဆင်ထားသော နားကပ်ကို လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးရာ အိမ်ရှင်ဖြစ်သူ အမျိုးသမီးသည် အထည်ဖိုးငွေကျပ် ၄၅ သိန်း အကြွေးပေးရန်ရှိသဖြင့် ဖြစ်စဉ်အား လီဆည်တိုင်တန်းခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
"အိမ်ရှင်အမျိုးသမီးဖြစ်သူက အထည်ဖိုးကြွေးတင်နေတာကို ယောက်ျားဖြစ်သူ သိမှာစိုးလို့ ကြံရာမရတော့ ဓားပြတိုက်ခံရတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေဆီ လှမ်းအကြောင်းကြား တိုင်ကြားမှုပြုလုပ်ပါတယ်။
အဲဒီမှာ ရဲတွေလည်း အကုန်ဂိတ်တွေပိတ်ပြီး ရှာဖွေမှုတွေပြုလုပ်ကြ၊ စစ်ကြဆေးကြရတာပေါ့။ နောက်တော့မှ လိမ်တိုင်တယ်ဆိုတာ ပေါ်ပေါက်လို့ တရားရုံး ဦးတိုက်လျှောက်ထားခဲ့ပါတယ်" ဟု ပုသိမ်ကြီးမြို့နယ်စခန်းမှူးက ပြောကြားသည်။
ထိုသို့ ဓားပြတိုက်သည်ဟု လိမ်လည်သတင်းပေး တိုင်ကြားခဲ့သည့် အိမ်ရှင်နှင့် အိမ်အကူတို့ နှစ်ဦးအား ပုသိမ်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းထွဋ်က တရားလိုပြုလုပ်ပြီး ပုသိမ်ကြီးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားရာ တရားရုံးက ရာဇဝတ်အထွေထွေအမှုအမှတ် (၂၇၆/၂၀၂၆) ဖြင့်လက်ခံပြီး ရာဇသတ်ကြီးပုဒ်မ (၁၈၂) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ထောင်ဒဏ်ခြောက်လစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။