Eleven Media Group

■ သာယာဝတီတွင် ကျေးရွာဒေသခံများတိုင်ကြား၍ အံဂလုံးနှင့်ဂျင် လောင်းကစားပြုလုပ်နေသူ ၁၁ ဦး ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာတွင် အံဂလုံးနှင့်ဂျင် လောင်းကစားဝိုင်းပြုလုပ်နေကြောင်း ကျေးရွာဒေသခံများ၏ တိုင်ကြားချက်အရ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားပြုလုပ်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာရှိ ဦးအာထစ် (ခ) ဦးကုလားနှင့် ဒေါ်ဌေးမာတို့ လင်မယားပိုင် ခြံဝန်းအတွင်း အံဂလုံးနှင့်ဂျင် လောင်းကစားဝိုင်းပြုလုပ်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ပခရ (မှုကူ) အဖွဲ့မှ ရဲအုပ် ဖုန်းဝေဦး ဦးစီးအဖွဲ့က ပူးပေါင်းအဖွဲ့များ၊ သက်သေများနှင့်အတူ ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်စီးနင်းရာ ခြံဝန်းအတွင်း ဂျင်လောင်းကစားပြုလုပ်နေပြီး လောင်းကစား အလျော်အစားပြုလုပ်သူနှင့် လာရောက်လောင်းကစားသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် လောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် သက်သေခံပစ္စည်းများအဖြစ် ငွေကျပ် ၂၁၁ သိန်းခန့်၊ မော်တော်ဆိုင်ကယ် ၃၀ စီး၊ မော်တော်ယာဉ် ၇ စီးနှင့် သုံးဘီးဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများအား သာယာဝတီမြို့မရဲစခန်းသို့ ပို့ဆောင်၍ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဖမ်းစီးစဉ် လောင်းကစားဝိုင်းမှ ထွက်ပြေးတိမ်းရှောင်သွားသူ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးနှင့် လောင်းကစားဝိုင်းသို့ လာရောက်ခဲ့သည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များကိုလည်း ဆက်လက်ဖမ်းဆီးအရေးယူနိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group