Eleven Media Group

ပင်လောင်းမြို့နယ်တွင် မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ  ကျပ် ၁ ဒသမ ၇၂ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီး

■ ရန်ကုန် ကမာရွတ်မြို့နယ်တွင်လည်း လမ်းလျှောက်နေသူတစ်ဦးထံမှ ကျပ်သိန်း ၁၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီး

ပင်လောင်းမြို့နယ်တွင် မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ ကျပ် ၁ ဒသမ ၇၂ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင်လည်း လမ်းလျှောက်နေသူတစ်ဦးထံမှ ကျပ်သိန်း ၁၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ အသီးသီးဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့သည် သတင်းအရ ပင်လောင်းမြို့နယ် လိန်းလီရွာအနီး၌ ပုသိမ်ကြီးမြို့နယ် ကျောက်မီးရွာနေ ဇော်ဇော်အောင် (၅၅) နှစ် မောင်းနှင်ပြီး မဟာအောင်မြေမြို့နယ် ဇော်မင်းရပ်ကွက်နေ ပိုင်သူကျော် (ခ) ပိုင်သူ (၃၁) နှစ် လိုက်ပါလာသော NISSAN DUMP အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ စိတ်ကြွဆေးပြား ၃၄ ဒသမ ၄ သိန်း (တစ်ပြားလျှင် ကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၇၂ ဘီလျံ) ဖမ်းဆီးရမိသဖြင့် ဇော်ဇော်အောင်နှင့် ပိုင်သူကျော် (ခ) ပိုင်သူတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဩဂုတ် ၂၉ ရက် ညနေ ၄ နာရီခွဲတွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့သည် သတင်းအရ ကမာရွတ်မြို့နယ် (၅) ရပ်ကွက် စံပါယ်မာဃလမ်းအတိုင်း လမ်းလျှောက်လာသူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၅၅) ရပ်ကွက်နေ အောင်မျိုးမင်း (ခ) ကိုမျိုး (၃၈) နှစ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၅၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၀၀၀) ဖမ်းဆီးရမိသဖြင့် အောင်မျိုးမင်း (ခ) ကိုမျိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူရင်းသတင်း — Eleven Media Group