
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗား ပြည်နယ်တွင် အစိုးရက ထောက်ပံ့ပေးသော အစားအစာများကြောင့် ဖြစ်သည်ဟု ယူဆရသည့် အစာအဆိပ်သင့်မှုဖြင့် ကျောင်းသား ၅၀၀ ကျော် ဆေးရုံတင်ခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက စက်တင်ဘာ ၂ ရက် တွင် ပြောကြားခဲ့ပြီး အစိုးရအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်ကြီးမားသော အခမဲ့ အစားအစာ ပံ့ပိုးရေးအစီအစဉ်ကို ကြီးကြပ်ကွပ်ကဲနေသည့်အေဂျင်စီအား ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိသည်။
သမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် လွန်ခဲ့သည့်နှစ်တွင် ကလေးငယ် သန်းပေါင်းများစွာကို အခမဲ့ အစားအစာများ ပေးဝေခြင်းဖြင့် အာဟာရချို့တဲ့မှုကို ပပျောက်စေရန် အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ကြေးရှိသော အစီအစဉ်ကို စတင်ခဲ့သော်လည်း အဆိုပါ အစီအစဉ်သည် အစာအဆိပ်သင့်မှုများ၊ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များ၊ ခေါင်းဆောင်ပိုင်း အပြောင်းအလဲများနှင့် ကုန်ကျစရိတ် မြင့်မားမှု စသည့် ဝေဖန်ငြင်းခုံမှုများနှင့် ကြုံတွေ့နေရသည်။
အရှေ့ဂျာဗား၊ ဆီဒိုအာဂျိုဒေသတွင် စက်တင်ဘာ ၁ ရက်က ကျောင်းသား ၅၀၀ ကျော် နာမကျန်းဖြစ်ပွားခဲ့ကြောင်း အရှေ့ဂျာဗား ဒုတိယပြည်နယ်မှူး အီမေးလ် ဒါဒါဒက်က Kompas TV သတင်းဌာနသို့ ပြောကြားခဲ့သည်။
အခမဲ့ အစားအစာ အစီအစဉ်ကို ကြီးကြပ်နေသည့် အမျိုးသား အာဟာရဆိုင်ရာ အေဂျင်စီအနေဖြင့် ကျောင်းသားများ စားသောက်ခဲ့သည့် နေ့လယ်စာကြောင့် ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ဆီဒိုအာဂျို ဒေသဆိုင်ရာ အစိုးရအဖွဲ့ခေါင်းဆောင် ဆူဘန်ဒီက ဆေးရုံတွင် ကုသမှုခံယူခဲ့သည့် ကျောင်းသား ၅၁၆ ဦးအနက် အများစုမှာ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရဲတပ်ဖွဲ့က အစားအစာ နမူနာများကို ရယူသွားခဲ့ကြောင်းလည်း ဆူဘန်ဒီ က ပြောကြားခဲ့သည်။
Ref:AFP
Photo:AFP