Eleven Media Group

ယူကရိန်းနယ်စပ်တစ်လျှောက်တွင် လုံခြုံရေးဇုန်တစ်ခု ထူထောင်နေကြောင်း ရုရှားသမ္မတပူတင် ပြောကြား

ယူကရိန်းနယ်စပ်တစ်လျှောက်တွင် လုံခြုံရေးဇုန်တစ်ခုထူထောင်နေပြီး အနာဂတ်ဆွေးနွေးပွဲများတွင် ယင်းလုံခြုံ ရေးဇုန်နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်မည် မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုလုပ်ဆောင်ချက်သည် ၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်းက ရုရှား၏ အနောက်ပိုင်း ကာ့စ်ဒေသကို ယူကရိန်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ပူတင်က စစ်ဌာနချုပ်တစ်ခုသို့ သွားရောက်ချိန်တွင် ပြောကြားခဲ့သည်။

“ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေက ရန်သူတွေကို ကျွန်တော်တို့မြေပေါ်က တိုက်ခိုက်မောင်းထုတ်ဖို့ တာဝန် တစ်ခုတည်းသာမဟုတ်ဘဲ နယ်စပ်နဲ့ ကပ်ရက်ရှိနေတဲ့ နယ်နိမိတ်မှာ လုံခြုံရေးဇုန်တစ်ခုထူထောင်တဲ့ တာဝန် ကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရည်မှန်းချက်က အနာဂတ်မှာ ရုရှားရဲ့ နယ်စပ်ဒေသတွေ အလုံးစုံလုံခြုံရေးရှိစေဖို့ သေချာ အောင်လုပ်ဆောင် ဖို့ဖြစ်ပြီး ဒီလုပ်ဆောင်ချက်ကို ယူကရိန်းနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေမှာ ထည့်သွင်းဆွေးနွေးဖို့ အစီအစဉ်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

စီစဉ်ထားသည့် လုံခြုံရေးဇုန်သည် ၆၆၀ ကီလိုမီတာ (မိုင် ၄၁၀) ကျယ်ပြန့်ပြီး လက်ရှိတွင် ယင်းဇုန်၏ ၇၀ ရာခိုင်နှုန်းကို ရုရှားက ထိန်းချုပ်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြော ကြားခဲ့သည်။

ယင်းလုံခြုံရေးဇုန်သည် ယူူကရိန်းနယ်မြေအတွင်း မည်မျှအထိ လွှမ်းခြုံပါဝင်သည်ဆိုခြင်းကို ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။

ပူတင်သည် ယခင်ကတည်းက နယ်စပ်ဒေသတွင် လုံခြုံရေးဇုန်တစ်ခုထူထောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း ယင်းဇုန်၏ အတိုင်းအတာနှင့် ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးမည် ဟုတ်၊ မဟုတ်ကိုမူ ပြောကြားခဲ့ဖူးခြင်း မရှိပေ။

အဆိုပါ လုံခြုံရေးဇုန်အတွက် ရုရှားသည် ယူကရိန်း၏ ဆူမီနှင့် ခါကိဗ်ဒေသများအတွင်းရှိ နယ်နိမိတ်များကို သိမ်းပိုက်ရန် လိုအပ်မည်ဖြစ်ပြီး ယင်းနယ်နိမိတ်များသည် ရုရှားတပ်ဖွဲ့များ သိမ်းပိုက်နိုင်ကြောင်း ကြေ ညာခဲ့သည့် နယ်နိမိတ်များထဲတွင် ပါဝင်ခြင်း မရှိသေးပေ။

ရုရှား၏ ဒီဇယ်ဆီများကို အမေရိကန်သို့ တင်ပို့ရောင်းချရန် သဘောတူညီချက်ရရှိခဲ့ပြီး သီတင်းတစ်ပတ် အကြာတွင် ပူတင် က စစ်ပွဲအတွင်း သံတမန်ဆက်ဆံရေး၏ အရေးကြီးပုံကို ထောက်ပြပြောဆိုခဲ့သည်။

ရုရှားဒီဇယ်များကို အမေရိကန်သို့ ရောင်းချသည့် သဘောတူညီချက်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့ကြား ဆက်ဆံရေး တင်းမာခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ ဒွန်နက်ဒေသ၏ နယ်နိမိတ် ၁၀ ရာခိုင်နှုန်း၊ ဇာပိုရီရှားဒေသ၏ နယ်နိမိတ် ၁၆ ဒသမ ၅ ရာခိုင်နှုန်းတို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း ပူတင်က ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းစစ်တပ်၊ စက်မှုနှင့် ထောက်ပို့ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည့် ရုရှား၏ တိုက်ခိုက်မှုများ၏ ထိရောက်မှုကို ပူတင်က ချီးကျုးခဲ့ပြီး တစ်ချိန်တည်းမှာပင် ရုရှား၏ ကိုယ်ပိုင်လေကြောင်းကာကွယ်ရေး ကဏ္ဍကို ပိုမိုတိုးတက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ကိုးရက်တာကာလအတွင်း ယူကရိန်း၏ ဒရုန်းများသည် ရုရှားဒေတာ စင်တာများနှင့် ရေနံချက် စက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့ပြီး ရုရှားကလည်း ယူကရိန်း၏မြို့များ၊ စွမ်းအင်စက်ရုံများ၊ ဆိပ်ကမ်းများနှင့် အခြား ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

အမေရိကန်နှင့် ရုရှားသည် နျူကလီးယားစွမ်းအင်သုံး ဒေတာစင်တာများအပါအဝင် ပူးတွဲစီမံကိန်းအသစ်များ အတွက် ဆွေးနွေးနေကြောင်း ရုရှားသံတမန် ကီရေးလ်ဒီမီထရီယက်ဗ်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group