Eleven Media Group

ပြင်သစ်ဆန္ဒပြမှုများအတွင်း လိုင်ယွန်မြို့ရှိ အထင်ကရ တိုးရစ်ရုံးတစ်ခု မီးရှို့ဖျက်ဆီးခံရ

ပြင်သစ်နိုင်ငံတစ်ဝန်း ဆူပူဆန္ဒပြမှုများအတွင်း လုယက်မှုများနှင့် အဆောက်အအုံဖျက်ဆီးခံရမှုများ ဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၁၇ ရက်တွင် လိုင်ယွန်မြို့ရှိ အထင်ကရ တိုးရစ်ရုံးတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

လိုင်ယွန်မြို့ ၏ သမိုင်းဝင်ဗဟိုချက်ရှိ Place Bellecour ရင်ပြင်အနီးမှ တိုးရစ်ရုံးကို မျက်နှာဖုံးစွပ်ထားသူများက မီးရှိုှု့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။ ယင်းအဆောက်အအုံသည် မြို့တွင်းရှိ အရေးပါသည့် ခရီးသွားနေရာများအနက် တစ်ခုဖြစ်ကာ လိုင်ယွန်မြို့၏ ခရီးသွားလုပ်ငန်းအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်။

၁၈၅၂ ခုနှစ်က တည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး ၁၉၇၀ ခုနှစ်တွင် ခရီးသွားလုပ်ငန်း သတင်း အချက်အလက်စင်တာအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသွားများအတွက် ဝန်ဆောင်မှု များနှင့် လက်ခံရေးနေရာများ ပိုမိုကောင်းမွန်စေရန် အကြီးစားပြုပြင်မှုများ ပြုလုပ်ခဲ့သည်။

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် လူနေမှုစရိတ် မြင့်တက်လာမှုကို ကန့်ကွက်သည့် ဆန္ဒပြမှုများ ၊ အထက်တန်းကျောင်းသား များကို ထောက်ခံသည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ကာ လူပေါင်း ၁၈၀၀ ကျော် ဖမ်းဆီးခံထားရပြီး ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် ၁၅၀ ခန့်ရှိပြီဟု အောက်တိုဘာ ၁၈ ရက် နိုင်ငံတကာသတင်းများ၌ ဖော်ပြသည်။

ယခုဆန္ဒပြပွဲများသည် ၂၀၁၈ ခုနှစ်က ပေါ်ပေါက်ခဲ့သည့် yellow vest movement ဟုခေါ်သော အဝါရောင်အကျႌ လှုပ်ရှားမှုကို ပြန်လည်အသက်သွင်းရန် လူမှုကွန်ရက်များမှတစ်ဆင့် တိုက်တွန်းမှုများ ထွက်ပေါ်လာပြီး နောက် ဖြစ်ပွားလာခြင်းဖြစ်သည်။ လတ်တလောလများအတွင်း ဓာတ်ဆီ၊ စွမ်းအင်နှင့် စားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ပြင်သစ်ပြည်သူများအကြား အစိုးရအပေါ် မကျေနပ်မှုနှင့် ဒေါသများ ပိုမိုကြီး ထွားလာခဲ့သည်။ အချို့ခန့်မှန်းမှုများအရ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများအတွင်း လူ ၈၀၀,၀၀၀ ခန့် ပါဝင်ခဲ့သည်။

Ref: BBC , Photo: AP / AFP

မူရင်းသတင်း — Eleven Media Group