Eleven Media Group

ကနေဒါစစ်စခန်းတစ်ခုတွင် ပြင်းထန်သည့်မီးလောင်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများရှိနေ

ကနေဒါနိုင်ငံအနောက်ပိုင်း အယ်လ်ဘာတာပြည်နယ်ရှိ Wainwright စစ်စခန်းတွင် အောက်တိုဘာ ၁၇ ရက်က မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက Wainwright စစ်စခန်း၌ မီးလောင်မှုကြီးဖြစ်ပွား စေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက် X မှတစ်ဆင့် ထုတ်ပြန်အသိ ပေးခဲ့သည်။

ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်ကိုလည်း စစ်ဆေးမှုမပြီးဆုံးမချင်း ထုတ်ပြန်မည်မဟုတ်ကြောင်း ကနေဒါစစ်တပ်က ကြေညာထားသည်။

ကနေဒါရုပ်သံသတင်းဌာန Global News က စစ်ရေးလေ့ကျင့်မှုအတွင်း ဓာတ်ငွေ့ ပိုက် လိုင်း သို့မဟုတ် ဓာတ်ငွေ့တွင်းတစ်ခုကို ထိမှန်ခဲ့ရာမှ မီးလောင်မှုကြီးဖြစ်ပွားခဲ့ကာ အနည်းဆုံး လူခုနစ်ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်း အမည်မဖော်လိုသည့် စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

လေပြင်းတိုက်မှုကြောင့် မီးကူးစက်မှု မြန်ဆန်ခဲ့ပြီး စစ်စခန်း၏ ခြံစည်းရိုးများကိုပါ ကျော်လွန် လောင်ကျွမ်းခဲ့သည်ဟု Wainwright ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

Wainwright စစ်စခန်းသည် ကနေဒါစစ်တပ်က ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရာ အဓိကစခန်းတစ်ခုဟု CBC သတင်းဌာနအဆိုအရ သိရသည်။ ပုံမှန်အားဖြင့် ထိုစခန်းတွင် စစ်ဘက်ဝန်ထမ်း ၆၉၀ ခန့်နှင့် အရပ်ဘက်ဝန်ထမ်း ၃၀၀ ခန့်ရှိသည်။

Ref: BBC

Photo- AP

မူရင်းသတင်း — Eleven Media Group