Eleven Media Group

အရှေ့တောင်အာရှ မြူငွေ့ပြဿနာကြောင့် မလေးရှား၌အောက်ဆီဂျင်အိုးများ၊ လေသန့်စက်များ ရောင်းအား မြင့်တက်

အင်ဒိုနီးရှားတွင် လောင်နေသောတောမီးများမှ ထွက်လာသည့် အဆိပ်အတောက်ဖြစ်စေသောမီးခိုးမြူများက ဒေသတွင်း၌ အောက်ဆီဂျင်အိုးများ၊ လေသန့်စက်များ၏ဝယ်လိုအားကို မြင့်တက်စေခဲ့သည်ဟု ထုတ်လုပ်သူများက ပြောကြားသည်။

အသက်ကယ်ပေးသော လေသန့်စင်စက်များကို အလျင်မီအောင် ထုတ်လုပ်ပေးနေရသည်ဟု ဆိုသည်။

လချီကြာပြီဖြစ်သော မြူခိုးများက အရှေ့တောင်အာရှ၏ဒေသအချို့ကို လွှမ်းခြုံထားရာ စာသင်ကျောင်းများကို ပိတ်ထားရသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများလည်း မြင့်တက်လာခဲ့သည်။

ကွာလာလမ်ပူမြို့၏အပြင်ဘက်တွင် အခြေစိုက်သော AA Alive ဆေးဘက်ဆိုင်ရာပစ္စည်းများထုတ်လုပ်ရာ ကုမ္ပဏီသည် အောက်ဆီဂျင်အိုးများကို ဈေးကွက်ထဲ အရောက်ပို့နိုင်ရေးအတွက် ဝန်ထမ်းများ အင်အားအပြည့် လုပ်နေကြရသည်။ အောက်ဆီဂျင်ဘူး ရောင်းအားသည် တဟုန်ထိုးမြင့်တက်နေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

"မြူတွေကြောင့် ကျွန်မတို့ဟာ ရောင်းအား ၃၅ ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။ ကျွန်မတို့ ဒီလုပ်ငန်းစလုပ်တဲ့အခါ အောက်ဆီဂျင်ဘူးလိုအပ်နေတဲ့ လူနာတွေ သိပ်များနေတာ မြင်ရတော့ အံ့အားသင့်ခဲ့ရပါတယ်"ဟု AA Alive အရောင်းအဖွဲ့၏ အဖွဲ့ဝင် ရာဖီညာဖာဒက်က AFP ကို ပြောသည်။

ကုမ္ပဏီက လူနာများကို အောက်ဆီဂျင်အိုးများရော အောက်ဆီဂျင်စက်များကိုပါ ရောင်းချပေးသည်။

အောက်ဆီဂျင်အိုးက သုံးနာရီခန့် ဆက်တိုက်အသုံးပြုနိုင်ပြီး အောက်ဆီဂျင်စက်ကမူ ၂၄ နာရီခန့် အသုံးပြုနိုင်သည်။

အသက် ၆၉ နှစ်ရှိ မိုဟာမက်နော်အာဘင်ဘူဂျန်သည် တစ်လကျော် ဆေးရုံတက်လိုက်ရသည်။ သူသည် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းရောက်မှသာ အောက်ဆီဂျင်စက်ကို လက်ခံရရှိခဲ့သည်။

မီးခိုးမြူများကြောင့် အောက်ဆီဂျင်စက်သာမရှိခဲ့လျှင် အသက်ရှူမဝဟု သူက AFP ကို ပြောသည်။

အသက် ၂၆ နှစ်အရွယ် AA Alive နည်းပညာရှင်မူဘာဆာခမ်းက ပြောကြားရာတွင် အောက်ဆီဂျင်စက်၏ လေစစ်ဆန်ခါ (filter) တစ်ခုကို ပုံမှန်အားဖြင့် အသုံးပြုချိန် နာရီ ၁,၀၀၀ ပြည့်လျှင် လဲလှယ်ပေးရလေ့ရှိသော်လည်း မီးခိုးမြူငွေ့ (Haze) ထဲပါရှိသော ညစ်ညမ်းအမှုန်များကြောင့် ယခုအခါ ၎င်း(ဆန်ခါ)၏ သက်တမ်းမှာ တစ်ဝက်ခန့် တိုသွားခဲ့ရသည်ဟု ဆိုသည်။

မီးခိုးမြူငွေ့မျကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်သည့် ဩဂုတ်လကတည်းက လေသန့်စက်များ ရောင်းအားရောင်းခဲ့သည်ဟု ရောင်းချသူများက ပြောကြသည်။

လေသန့်စင်စက်ရောင်းအားသည် လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၂ ရက်အထိ ၆၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group