Eleven Media Group

ကင်ဂျုံအွန်၏ အပန်းဖြေစခန်းအနီး ရေကူးကန်နှင့် ရေလျှောများပါသည့် ဇိမ်ခံသင်္ဘောတစ်စင်းကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ၎င်း၏မိသားစု အသုံးပြုသည်ဟု ယူဆရသည့် ဇိမ်ခံသင်္ဘောအချို့ကို ဝန်ဆန်မြို့ရှိ နွေရာသီအပန်းဖြေစခန်းအနီးတွင် တွေ့ရှိထားကြောင်း ဘီဘီစီသတင်းတစ်ရပ်က ဖော်ပြခဲ့သည်။

အဆိုပါသင်္ဘောများအနက် အရှည် ၈၀ မီတာ (၂၆၃ ပေ) ရှိသည့် သင်္ဘောတစ်စင်းကို ယခုနှစ်ဇူလိုင်မှ အောက်တိုဘာလလယ်အထိ မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ဝန်ဆန်မြို့အနီးရှိ ပင်လယ်ပြင်တွင် ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့် အကြိမ်ကြိမ် တွေ့ခဲ့ရသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် အရှည် ၅၀ မီတာရှိသည့် ရေကူးကန်တစ်ခုနှင့် တစ်ဖက်စွန်းတွင် ရေလျှောများ တပ်ဆင်ထားသည်။

သင်္ဘောကို လပေါင်းများစွာ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ရပ်နားထားခဲ့ပြီးနောက် ဇူလိုင်အစောပိုင်းတွင် ကယ်လ်မာကျွန်းဆွယ်ဟု လူသိများသည့် ကမ်းရိုးတန်းဒေသအနီးသို့ ရွှေ့ထားခဲ့သည်။ အဆိုပါဒေသသည် ကင်ဂျုံအွန်နှင့်မိသားစု အသုံးပြုသည့် ဗီလာအဆောက်အအုံကြီးများ တည်ရှိရာ ဝန်ဆန်ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းနှင့် နီးသည်။

ဂြိုဟ်တုဓာတ်ပုံများအရ အခြားသင်္ဘောအချို့ကိုလည်း ကင်ဂျုံအွန်၏ ဗီလာအနီးတွင် အကြိမ်ကြိမ် တွေ့ရှိခဲ့ပြီး ကင်ဂျုံအွန်တို့မိသားစု အသုံးပြုကြသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။

“ဆောင်းရာသီဆို သင်္ဘောတွေကို သင်္ဘောကျင်းမှာထားတယ်။ နွေရောက်ရင်တော့ ကင်ဂျုံအွန်ရဲ့ဗီလာနား ဒါမှမဟုတ် ကယ်လ်မာဘက်ကို ရွှေ့ကြတယ်။ အဲဒီမှာ ရေကူးတာနဲ့ အပန်းဖြေဖို့ သုံးကြတယ်” ဟု မြောက်ကိုရီးယားအရာရှိဟောင်း ရီဂျုံဟိုဆိုသူက ပြောသည်။ အဆိုပါဇိမ်ခံသင်္ဘောများ၏ တန်ဖိုးအတိအကျကို မသိနိုင်သော်လည်း ကင်ဂျုံအွန်အပိုင် အရွယ်အစားပိုသေးသည့် Princess ရွက်လှေတစ်စင်းကပင် တန်ဖိုးအမေရိကန်ဒေါ်လာ ခုနစ်သန်းခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ မြောက်ကိုရီးယားသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် ပါဝင်နေသော်လည်း မြောက်ကိုရီးယားအာဏာပိုင်များသည် ဇိမ်ခံနေထိုင်မှုနှင့်ပတ်သက်ပြီး နာမည်ထွက်ပြီးသား ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာများသည် ခေါင်းဆောင်ကင်၏ အပန်းဖြေခရီးစဉ်များအကြောင်းကို ဖော်ပြသည်မှာရှားပြီး ထိုသို့သွားရောက်လျှင်လည်း အပန်းဖြေခရီးအဖြစ်မဟုတ်ဘဲ တရားဝင် စစ်ဆေးရေးခရီးစဉ်များအဖြစ်သာ ဖော်ပြလေ့ရှိသည်။

Ref: BBC

မူရင်းသတင်း — Eleven Media Group