
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ်ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမည်ဟု အာဏာပိုင်များက သတိပေးခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်တွင် ကျောင်းများကို ပိတ်ထားခဲ့ပြီး ကူးတို့သင်္ဘော ပြေးဆွဲမှုများကိုလည်း ဆိုင်းငံ့ခဲ့သည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း ပြင်းထန်သော ရာသီဥတုကြောင့် တရုတ်နိုင်ငံ၏ အချို့ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး တိုင်ဖွန်းမုန်တိုင်းများ ဆက်တိုက် တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လူပေါင်း သိန်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ်သည် အိမ်နီးချင်း ကျဲ့ကျန်းပြည်နယ်သို့ နှစ်ကြိမ်တိုင်တိုင် တိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဖူကျန့်ကမ်းရိုးတန်းသို့ တရုတ်နိုင်ငံအတွင်း တတိယအကြိမ်မြောက် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ဖူကျိုး နှင့် ချွမ်ကျိုး မြို့များရှိ ကျောင်းများတွင် လူကိုယ်တိုင် တက်ရောက်ရသည့် သင်ကြားရေးစနစ်များကို ရပ်ဆိုင်းထားခဲ့ပြီး ဖူကျိုးမြို့ရှိ ကစားကွင်းများ အပါအဝင် အချို့သော ခရီးသွားဆွဲဆောင်မှုရှိသော နေရာများကိုလည်း ယာယီပိတ်ထားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
Ref:AFP