Eleven Media Group

တရုတ်နှင့် နီပေါနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၁၃၀၀ နီးပါးရှိလာ

တရုတ်နှင့် နီပေါနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် နှစ်နိုင်ငံစလုံးတွင် သေဆုံးသူစုစုပေါင်း ၁၃၀၀ နီးပါးရှိလာခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

နီပေါနိုင်ငံ၏ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ချက်အရ နီပေါတွင် သေဆုံးသူ ၁၂၅၂ ဦးရှိခဲ့ကြောင်းဖော်ပြထားပြီး တရုတ်နိုင်ငံပိုင်မီဒီယာများ၏ ထုတ်ပြန်ချက်အရ တိဘက်ဒေသတွင် သေဆုံးသူ ၂၁ ဦးရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့်နှစ်နိုင်ငံစလုံးတွင် သေဆုံးသူစုစုပေါင်းသည် ၁၂၇၃ ဦးအထိ ရှိလာခဲ့ပြီး ပျောက်ဆုံးသူ စုစုပေါင်း ၄၇၅၇ ဦးအထိရှိလာခဲ့သည်။

အဆိုပါ ပျောက်ဆုံးသူများစာရင်းတွင် နီပေါနိုင်ငံ၌ ၄၂၁၆ ဦး၊ တရုတ်နိုင်ငံ၌ ၅၄၁ ဦး ပါဝင်သည်။

ထို့ပြင် နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသား ၆၀၀ နီးပါးလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး အိန္ဒိယနိုင်ငံသားများသည် ပျောက်ဆုံးသူစာရင်းတွင် အများဆုံး ပါဝင်သော အုပ်စုများထဲမှ တစ်ခု ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၃ ရက် ထုတ်ပြန်ချက်အရ အမေရိကန် နိုင်ငံသား ၇၅ ဦးခန့်လည်း ပျောက်ဆုံးလျက်ရှိသည်။

ခတ္တမန္ဒူမြို့တွင်မူ ပျောက်ဆုံးနေသော နိုင်ငံခြားသားများ၏ မိသားစုဝင်များသည် သတင်းအချက်အလက် ရရှိနိုင်ရန်အတွက် ဆေးရုံများနှင့် ရုပ်အလောင်းများ ထားရှိသည့်ဌာနများသို့ လှည့်လည် ရှာဖွေလျက်ရှိကြသည်။

"ကျွန်တော် အရမ်းကို မျှော်လင့်ချက်မဲ့နေပါပြီ။ ရက်တွေလည်း အတော်ကြာနေပါပြီ" ဟု ရေကြီးရေလျှံမှုများအတွင်း ဇနီးဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရှိရပြီးနောက် နီပေါနိုင်ငံသို့ လေယာဉ်ဖြင့် လိုက်ပါလာခဲ့သည့် အသက် ၅၃ နှစ်အရွယ် အမေရိကန် နိုင်ငံသား ဆန်းဂျီးဗ် ရိုင်းက ပြောကြားခဲ့သည်။

ဆိုးရွားပြင်းထန်သည့် အဆိုပါ ရေကြီးရေလျှံမှုများသည် လမ်းတံတားများနှင့် အခြား အခြေခံအဆောက်အအုံများကို ပျက်စီးစေခဲ့သဖြင့် ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိပြီး ဘေးဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသော ခရိုင်များသို့ အကူအညီများ ပေးပို့နိုင်ရန်အတွက် အထမ်းသမားများကို စေလွှတ်ရန် စဉ်းစားနေကြောင်း အကူအညီပေးရေး အေဂျင်စီများက ပြောကြားခဲ့သည်။

"အကူအညီတွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် ရဟတ်ယာဉ်တွေနဲ့ ကုန်စည်ပို့ ဆောင်ရေး ဒရုန်းတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာ စိုးရိမ်နေတဲ့ အစိုးရနဲ့ ဆွေးနွေးတိုင်ပင်နေပါတယ်" ဟု နီပေါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ လီလာ ပီတာစ် ယာဟီယာက သတင်းထောက်များအား ပြောကြားခဲ့သည်။

"ဒီနိုင်ငံရဲ့ အားသာချက်က အထုပ်အပိုးတွေသယ်ဆောင်တဲ့ အထမ်းသမားတွေ ရှိနေတာပါပဲ။ ဒါကြောင့် အကူအညီတွေကို အမြန်ဆုံး ရောက်ရှိစေဖို့ အဲဒီလို ရိုးရှင်းတဲ့ နည်းလမ်းတွေကိုလည်း ပြန်လည် အသုံးပြုသွားရမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။

နီပေါနိုင်ငံ၏ တောင်တက်ခရီးနှင့် တောင်တက်အဖွဲ့များအတွက် ပင်မထောက်တိုင်အဖြစ် ကာလရှည်ကြာ ယူဆခံထားရသော အထမ်းသမားများသည် ခက်ခဲကြမ်းတမ်းသော အခြေအနေများအောက်တွင် မတ်စောက်သော တောင်တက်လမ်းကြောင်းများကို ဖြတ်သန်းပြီး လေးလံသော အထုတ်အပိုးများကို ရက်ပေါင်းများစွာ ထမ်းပိုးသယ်ဆောင်နိုင်ကြသူများအဖြစ် လူသိများသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group