
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ဆယ်စုနှစ် လေးစုအတွင်း အားအကောင်းဆုံးဖြစ်လာနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်း (WMO) က စက်တင်ဘာ ၃ ရက်တွင် သတိပေးခဲ့သည်။
ထို့ပြင် ကမ္ဘာကြီးသည် ဆိုးရွားပြင်းထန်သည့် ရာသီဥတု အန္တရာယ်ဇုန်အတွင်းသို့ ရောက်ရှိနေပြီဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်ကလည်း ပြောကြားခဲ့သည်။
လာမည့် လများအတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်သည် အလွန်အားကောင်းလာမည်ဖြစ်ပြီး ဖေဖော်ဝါရီလအထိ ဆက်လက် တည်ရှိနေရန် သေချာသလောက် ရှိကြောင်း WMO က ထုတ်ပြန်ခဲ့သည်။
"ဒီအတိုင်းသာ ဆက်လက် ဖြစ်ပေါ်နေမယ်ဆိုရင် မှတ်တမ်းတွေ စတင်ကောက်ယူခဲ့တဲ့ အချိန်ကစပြီး အားအကောင်းဆုံး ဖြစ်စဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်" ဟု WMO အကြီးအကဲ ဆယ်လက်စတီ ဆော်လိုက ဂျနီဗာမြို့ရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။
အယ်လ်နီညို ဖြစ်စဉ်သည် ယခုနှစ်ကုန်ပိုင်းတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိမည် ဖြစ်သော်လည်း ယင်း၏ နောက်ဆက်တွဲ ရာသီဥတုဆိုင်ရာ ရိုက်ခတ်မှုများမှာ ၂၀၂၇ ခုနှစ်အထိ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း WMO က ပြောကြားခဲ့သည်။
အယ်လ်နီညို ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာ အီကွေတာ ဒေသ၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ရေမျက်နှာပြင် အပူချိန်များကို မြင့်တက်စေပြီး ကမ္ဘာတစ်ဝန်းရှိ လေတိုက်ခတ်မှု၊ လေဖိအားနှင့် မိုးရွာသွန်းမှု ပုံစံများကို ပြောင်းလဲစေသည်။
သမုဒ္ဒရာများအတွင်းမှ အပူသည် လေထုအတွင်းသို့ ပိုမိုနှေးကွေးစွာ စိမ့်ထွက်လာသောကြောင့် အယ်လ်နီညို ဖြစ်ပေါ်သည့် နှစ်၏ နောက်ဆက်တွဲ နှစ်တွင် ကမ္ဘာ့အပူချိန်ကို ပိုမိုမြင့်တက်စေသည်။
အင်အားပြင်းထန်ခဲ့သော ၂၀၂၃-၂၄ အယ်လ်နီညို ဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်ကို စံချိန်တင် အပူဆုံးနှစ် ဖြစ်စေခဲ့ပြီး ထိုစံချိန်သည် ကျိုးပျက်ပြီး စံချိန်သစ်တင်သွားနိုင်သည်ဟုလည်း ဆော်လိုက ပြောကြားခဲ့သည်။
"အယ်လ်နီညို ဖြစ်စဉ်ဟာ အခိုင်အမာ အမြစ်တွယ်နေပြီဖြစ်ပြီး လာမယ့်လတွေမှာ အလွန်အားကောင်းတဲ့ အခြေအနေတစ်ခုအဖြစ် ပိုမိုပြင်းထန်လာမှာ ဖြစ်ပါတယ်။ ဒါဟာ မိုးရေချိန်နဲ့ အပူချိန် ပုံစံတွေအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေမှာဖြစ်သလို ရေကြီးမှု၊ မိုးခေါင်ရေရှားမှုနဲ့ လွန်ကဲတဲ့ အပူလှိုင်းန္တရာယ်တွေကိုလည်း ပါရှိလာစေမှာ ဖြစ်ပါတယ်" ဟု WMO က ထုတ်ပြန်ခဲ့သည်။
အယ်လ်နီညိုသည် သဘာဝအတိုင်း ဖြစ်ပေါ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပွားခြင်း မဟုတ်ပေ။
သို့သော် ရုပ်ကြွင်းလောင်စာများ အသုံးပြုကြောင့် ပူနွေးလာသော ကမ္ဘာဂြိုဟ်၏ အပူချိန်ကို ယခုဖြစ်စဉ်က ပိုမိုဆိုးရွားစေမည်ဖြစ်ကာ လွန်ကဲသည့် ရာသီဥတု ဖြစ်စဉ်များကိုလည်း ပိုမို ပြင်းထန်လာစေမည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြသည်။
ထို့ကြောင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အာဏာပိုင်များနှင့် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ကျန်းမာရေး၊ စွမ်းအင်နှင့် ရေအရင်းအမြစ်စသည့် ရာသီဥတု ပြောင်းလဲမှုကို ထိလွယ်ရှလွယ်ရှိသော ကဏ္ဍများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် ဆော်လိုက တိုက်တွန်းခဲ့သည်။
Ref: AFP