Eleven Media Group

တောင်ကိုရီးယားက ဟော်မုဇ်ရေလက်ကြားသို့ တပ်ဖွဲ့များဖြန့်ကြက်ရန် စဉ်းစားနေပြီး ဆုံးဖြတ်ချက်မချရသေးဟု ဆို

တောင်ကိုရီးယားအစိုးရက ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာမှု လွတ်လပ်စေရန် အထောက်အကူပြုနိုင်မည့် နည်းလမ်းများကို စဉ်းစားသုံးသပ်နေပြီး စစ်ရေးဖြန့်ကြက်မည့်အစီအစဉ်ကို လက်ရှိတွင် အတည်ပြုမဆုံးဖြတ်ရသေးကြောင်း သမ္မတရုံးက စက်တင်ဘာ ၄ ရက်တွင် ထုတ်​ပြန်ခဲ့သည်။

တောင်ကိုရီးယားမီဒီယာများဖြစ်သည့် JTBC နှင့် MBC တို့က တောင်ကိုရီးယားအစိုးရသည် ယခုနှစ်မကုန်မီ ဟော်မုဇ်ရေလက်ကြားသို့ စစ်​ရေးဖြန့်ကြက်ရန် ပြင်ဆင်နေပြီး ယခုလအတွင်း လွှတ်တော်၏အတည်ပြုချက် ရယူဖွယ်ရှိကြောင်း ၊ဖြန့်ကြက်ရန်စဉ်းစားထားသည့်အထဲ ရေကြောင်းကင်းလှည့်လေယာဉ်၊ ထောက်ပံ့ပို့ဆောင်ရေးသင်္ဘောနှင့် ရေမြှုပ်မိုင်း ရှင်းလင်းရေးအဖွဲ့ တို့ ပါဝင်​ကြောင်း၊ အမေရိကန် ဗြိတိန်နှင့် ပြင်သစ်တို့အပါအဝင် နိုင်ငံများနှင့် ဟော်မုဇ်ရေလက်ကြားတွင် မည်သည့်ပုံစံဖြင့် ပါဝင်ကူညီမည်၊ အင်အားမည်မျှ ရှိမည်ဆိုသည့် အချက်များကို ဆွေးနွေးနေကြောင်း စက်တင်ဘာ ၃ ရက်ညပိုင်းတွင် ဖော်ပြခဲ့ကြသည်။

ထိုသတင်းများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတရုံး တာဝန်ရှိသူတစ်ဦးက ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု လွတ်လပ်စေရေးအတွက် လက်တွေ့ကျကျ မည်သို့ကူညီနိုင်မည်ကို ဆွေးနွေးနေကြောင်း အတည်ပြုခဲ့သော်လည်း “ဘာတစ်ခုမှ မဆုံးဖြတ်ရသေး” ဟု သတင်းထောက်များကို ပြောသည်။

တောင်ကိုရီးယားဥပဒေအရ ပြည်ပနိုင်ငံများသို့ တပ်ဖွဲ့များ စေလွှတ်ရန် လွှတ်တော်၏အတည်ပြုချက် လိုအပ်သည်။ယခုအစီအစဉ်ကို အတည်ပြုခဲ့ပါက တောင်ကိုရီးယားသည် ၂၀၀၉ ခုနှစ် ၊ မတ်လတွင် ပင်လယ်ဓားပြ တိုက်ဖျက်ရေးတပ်ဖွဲ့ ကို အေဒင်ပင်လယ်ကွေ့သို့ စေလွှတ်ခဲ့ပြီးနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်ပြင်ပသို့ ပထမဆုံး ရေတပ်ဆိုင်ရာတပ်ဖြန့်မှု ဖြစ်လာလိမ့်မည်။

ပင်လယ်ဓားပြ တိုက်ဖျက်ရေးတပ်ဖွဲ့ က နိုင်ငံတကာရေ​ကြောင်းလုံခြုံ​ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဆိုမာလီယာကမ်းလွန်တွင် ယနေ့တိုင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

Ref: Reuters

Photo: AP

မူရင်းသတင်း — Eleven Media Group