Eleven Media Group

အီရန်စစ်ပွဲကို စစ်ပွဲတစ်ခုအဖြစ် မသတ်မှတ်ထားကြောင်း အမေရိကန် ဒုတိယသမ္မတ ပြောကြား

အီရန်စစ်ပွဲကို စစ်ပွဲတစ်ခုအဖြစ် မသတ်မှတ်ထားကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

အီရန်ပဋိပက္ခစတင်ခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်လာချိန်တွင် အီရန်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း အီရန်စစ်ပွဲကို စစ်ပွဲတစ်ခုအဖြစ် စာရင်းမသွင်းလိုကြောင်း ဗန့်စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗန့်စ်၏ ပြောကြားချက်များသည် သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ၎င်း၏ အစိုးရအဖွဲ့ကို အခက်တွေ့ခဲ့သည့် အဆိုပါ ပဋိပက္ခကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းနေသည့် လက္ခဏာများ ပိုမို ထင်ရှားလာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

"ဒါကို စစ်ပွဲလို့ ကျွန်တော် မခေါ်ချင်ပါဘူး။ လတ်တလောမှာ တိုက်ရိုက် ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိတော့ပါဘူး" ဟု လာမည့် နိုဝင်ဘာလ အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်မီ စစ်ပွဲ အဆုံးသတ်မည်ဟုတ်၊မဟုတ် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းချိန်တွင် ဗန့်စ်က ဖြေကြားခဲ့သည်။

"ဒီပဋိပက္ခ ပြန်လည် အရှိန်မြင့်လာခဲ့တဲ့ နေရာတွေ ရှိခဲ့တယ်ဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ပစ်ခတ်မှုတွေ ရှိခဲ့တယ်ဆိုတာ အသိအမှတ်ပြုပါတယ်" ဟု ဗန့်စ်က ထပ်လောင်း ပြောကြားခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သည့် အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုများအပြီးတွင် အကြီးစား စစ်ဆင်ရေးများသည် သီတင်းခြောက်ပတ်သာ ကြာမြင့်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

"ဒါပေမဲ့ ဒါ ဘယ်တော့ အဆုံးသတ်မလဲလို့ မေးမယ်ဆိုရင် အီရန်တွေအနေနဲ့ သင်္ဘောတွေကို ဘယ်အချိန်မှာ ပစ်ခတ်တာ ရပ်မလဲဆိုတဲ့ မေးခွန်းမျိုး ကျွန်တော့်ကို မေးနေတာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိပါဘူး။ ဒါကို အီရန်တွေကိုပဲ သွားမေးရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

သီတင်းပတ်ပေါင်းများစွာ တိုက်ခိုက်မှုများ ငြိမ်သက်ခဲ့ပြီးနောက် ဩဂုတ် ၃၀ ရက်က အမေရိကန်၏ ရုတ်တရက် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများနှင့်အတူ ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ အီရန်က မဟာဗျူဟာမြောက် ဟော်မုဇ် ရေလက်ကြားကို ဆက်လက် ထိန်းချုပ်ပိတ်ဆို့ထားခြင်းနှင့်အတူ ခြောက်လကြာ စစ်ပွဲ၏ အကျပ်အတည်းမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။

ကုန်သွယ်ရေး သင်္ဘောများအပေါ် တိုက်ခိုက်မှုများကို အီရန်ဘက်က မရပ်တန့်သမျှ ကာလပတ်လုံး အမေရိကန်အနေဖြင့် အီရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်မည် မဟုတ်ကြောင်း ဗန့်စ်က အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော်လည်း လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ထရန့်၏ ရီပတ်ဘလစ်ကန်ပါတီ အနေဖြင့် လွှတ်တော်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးရနိုင်သည့် အနေအထားမျိုးရောက်ရှိနေသဖြင့် အဆိုပါ ရေလက်ကြားမှတစ်ဆင့် ရေနံစီးဆင်းမှုများသည် စစ်ပွဲမဖြစ်ပွားမီ အဆင့်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ထရန့်အစိုးရအဖွဲ့က သတင်းဖြန့်နေသည်။

"ဟော်မုဇ် ရေလက်ကြားအပေါ် သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းဟာ ထိရောက်စွာ ကုန်ဆုံးသွားပါပြီ။ လွန်ခဲ့တဲ့ သုံးလက အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် အီရန်ရဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ အဲဒီ ရေလက်ကြားကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဘယ်လောက်တောင် ဖြတ်သန်းခဲ့လို့လဲ။ တကယ့်ကို ဘာမှ မရှိခဲ့သလောက်ပါပဲ။ အခုတော့ ပဋိပက္ခ မစတင်မီက အခြေအနေနီးပါးကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်" ဟု ဗန့်စ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုကို ပြည်ပစစ်ပွဲများတွင် ထပ်မံ မပါဝင်စေရန် ကတိပြုခဲ့သည့် သမ္မတ ထရန့်သည် လက်ရှိတွင် အီရန်ပဋိပက္ခအတွင်းမှ ရုန်းမထွက်နိုင်သဖြင့် ၎င်း၏ လူထုထောက်ခံမှု နှုန်းထားမှာ စံချိန်တင် လျော့နည်းလုနီးပါး အခြေအနေအထိ ကျဆင်းသွားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group