
KNU/KNLA/PDF အဖွဲ့များထံ သတင်းပေးပို့နေသူဟုဆိုကာ သံဖြူဇရပ်မြို့နယ် ဝယ်ဝင်္ကရာကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံခဲ့ရသူများမှာ ဝယ်ဝင်္ကရာတွင် နေထိုင်သည့် အသက် (၃၁) နှစ်အရွယ် အောင်မြင့်မိုရ်ထက် (ခ) မောင်ဖြူဆိုသူနှင့် ၎င်း၏ဇနီးဖြစ်သူ မဖြူဖြူအောင် (ခ) မဖြူဆိုသူတို့ဖြစ်ကြကြောင်းနှင့် ၎င်းတို့နှစ်ဦးမှာ ရော်ဘာစေးခြစ်ကြသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ဆက်လက်ပြီး “သူတို့က ပိန္နဲတောကျေးရွာဘက်က ရော်ဘာခြံတွေနဲ့ အွန်စောမွန် ရော်ဘာအထပ်သားစက်ရုံအနီးက ရော်ဘာခြံတွေမှာ ရော်ဘာစေး လိုက်ခြစ်နေကြသူတွေလို့ သိရပါတယ်။ သူတို့က တပ်မတာ်ရဲ့ သွားလာလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ KNU/KNLA/PDF အဖွဲ့တွေကို သတင်းပေးတယ်ဆိုပြီး ဖမ်းဆီးခံရတာလို့ သိရပါတယ်” ဟု ပြောကြားသည်။
၎င်းတို့နှစ်ဦးမှာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ တပ်မတော်စစ်ကြောင်းများ လှုပ်ရှားသွားလာမှုအား KNU/KNLA/PDF အဖွဲ့များထံ သတင်းပေးခြင်းနှင့် KNU/KNLA/PDF အဖွဲ့များဟု သိပါလျက် သက်ဆိုင်ရာသို့ သတင်းပးပို့ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ကြသူများဖြစ်သည့်အတွက်ကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိတွင် အောင်မြင့်မိုရ်ထက် (ခ) မောင်ဖြူဆိုသူနှင့် ၎င်း၏ဇနီးဖြစ်သူ မဖြူဖြူအောင် (ခ) မဖြူဆိုသူတို့နှစ်ဦးအား သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါ သံဖြူဇရပ်မြို့နယ်အတွင်း သံဖြူဇရပ် - ရေးကားလမ်းတစ်လျှောက်နှင့် သံဖြူဇရပ် - ဘုရားသုံးဆူ ကားလမ်းတစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားနေကြကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။